ယူကရိန်းမြို့တော် ကိယက်ဗ်နှင့် အခြားနေရာတို့ကို ရုရှားက အကြီးစားတိုက်ခိုက်မှုကြောင့် အကြီးအကျယ်ထိတ်လန့်တုန်လှုပ်မိကြောင်း ဂူတားရက်စ်ပြောကြား

0
221

ယူကရိန်းနိုင်ငံ၏မြို့တော် ကိယက်ဗ်မြို့နှင့် အခြားနေရာများကို  ရုရှားစစ်တပ်က တနင်္လာနေ့တွင် အကြီးစားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မိမိအနေဖြင့် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မိပြီး ယခုကဲ့သို့သော တိုက်ခိုက်မှုများသည် စစ်ပွဲနှင့်ပတ်သက်၍ နောက်ထပ် လက်မခံနိုင်စရာ တိုးမြင့်လာမှုကို ကိုယ်စားပြုနေကြောင်း ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတားရက်စ်က ပြောကြားလိုက်သည်။

အရပ်သားဒေသများကို ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေခဲ့ပြီး ဒါဇင်နှင့်ချီသော သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများဖြစ်ပွားစေခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“မြို့တော်၏ဗဟိုရှိ Shevchenskivskyi ခရိုင်တွင်ပေါက်ကွဲမှုအများအပြားဖြစ်ပွားခဲ့သည်” ဟု ကိဗ်မြို့တော်ဝန် Vitali Klitschko က Telegram တွင်ပြောကြားခဲ့သည်။

အဆောက်အဦများမှ မီးခိုးမည်းများ ထူထပ်စွာထွက်လာသည်ကိုတွေ့ရကြောင်း Reuters သတင်းဌာန၏ မျက်မြင်သက်သေတစ်ဦးက ပြောသည်။

အနည်းဆုံး ကျယ်လောင်သော ပေါက်ကွဲမှု ၃ ခုမှာ တနင်္လာနေ့ ဒေသစံတော်ချိန် မနက် ၁း၁၅ နာရီ တွင် ဖြစ်ပွားခဲ့ကြောင်းနှင့် ကိယက်ဗ်မြို့တစ်ဝိုက်တွင် လေကြောင်းတိုက်ခိုက်မှု သတိပေးဥသြသံများ ထွက်ပေါ်လာကြောင်း AFP ဂျာနယ်လစ်များက သတင်းပေးပို့ခဲ့သည်။

ဤသည်မှာ ယူကရိန်းပြည်သူများအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာ နေ့တစ်နေ့ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောကြားခဲ့သည်။

ရုရှားနှင့် ခရိုင်းမီးယားကိုဆက်သွယ်ထားသည့် တစ်ခုတည်းသောတံတားပေါ်တွင် စနေနေ့က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းသည် ယူကရိန်း၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ရုရှားသမ္မတပူတင်က တနင်္လာနေ့ကပြောကြားခဲ့ပြီး၊ယင်းကိုလက်တုန့်ပြန်ရန် လူသိများထင်ရှားသောရုရှားနိုင်ငံသားအချို့က တောင်းဆိုခြင်းပြုခဲ့ကြပြီးနောက် တနင်္လာနေ့တွင် ယူကရိန်းနိုင်ငံ၏ မြို့တော်ဖြစ်သော ကိဗ်မြို့တွင် ပေါက်ကွဲမှုအချို့ ဖြစ်ပွားခဲ့သည်။ ယင်းတံတားပေါက်ကွဲမှုကို ဖြစ်မြောက်အောင် ကူညီခဲ့သူများတွင် ပြည်တွင်းမှ ရုရှားနိုင်ငံသားများလည်းပါဝင်နေကြောင်း ရုရားစစ်ဖက်ဆိုင်ရာတာဝန်ရှိသူများကဆိုသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် ယူကရိန်းနိုင်ငံတွင်းမှ အမြန်ဆုံးထွက်ခွာကြရန် တိုက်တွန်းချက်တစ်ရပ်ကို အမေရိကန်သံရုံးကလည်း တနင်္လာနေ့ကပင်ထုတ်ပြန်ခဲ့သည်။

ခရိုင်းမီးယားနှင့် ရုရှားကို ဆက်သွယ်ထားသည့် Kerch ရေလက်ကြားတံတားကို စနေနေ့က တိုက်ခိုက်မှုအပေါ် ရုရှားနိုင်ငံအနေဖြင့် ပြင်းထန်စွာ တုံ့ပြန်ရန် ရုရှားနိုင်ငံမှ လူအတော်များများက ကြိုးပမ်းနေကြပြီး ယင်းတိုက်ခိုက်မှုသည် မော်စကိုအတွက် သိသိသာသာ ထိုးနှက်မှုဖြစ်ကြောင်း စစ်ရေးအကဲခတ်သူများက ဆိုကြသည်။

Source: REUTERS, AFP, NYTIMES


LEAVE A REPLY

Please enter your comment!
Please enter your name here