အမေရိကန် ထိပ်တန်း အမတ်က ဆော်ဒီထံသို့ လက်နက်ရောင်းချမှုများ ပိတ်ပင်ရန် တိုက်တွန်းလာ

0
224

ဝါရှင်တန်၊ အောက်တိုဘာ ၁၁

ဩဇာကြီးမားသော အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးက ယူကရိန်းရှိ ရုရှားစစ်ပွဲကို အထောက်အကူပြုနေသော ဆော်ဒီအာရေးဗျ၏ ရေနံထုတ်လုပ်မှု လျှော့ချခြင်း ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ၎င်းနှင့်ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ရပ်ဆိုင်းရန် ဝါရှင်တန်အား အောက်တိုဘာလ ၁၀ ရက် တနင်္လာနေ့တွင် တောင်းဆိုခဲ့သည်။

ရီယာ့ဒ်၊ မော်စကိုနှင့် အခြားသော ထိပ်တန်းရေနံထုတ်လုပ်သည့် ကုမ္ပဏီများသည် ရေနံစိမ်းစျေးနှုန်းများ မြှင့်တင်ရန်အတွက် ထုတ်လုပ်မှုကို သိသိသာသာ လျှော့ချရန် ပြီးခဲ့သည့် အပတ်က သဘောတူညီခဲ့ကြသည်။

အမေရိက က အဆိုပါဆုံးဖြတ်ချက်မှာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေနိုင်ပြီး ယူကရိန်း အရေးအခင်းအတွင်း မော်စကိုအား အလေးသာစေမည့် လုပ်ရပ်ဟုဆိုကာ ရှုတ်ချခဲ့သည်။

“ဒီအရေးအခင်းမှာ နှစ်ဖက်ခွရပ်တည်လို့မရပါဘူး၊နိုင်ငံတစ်ခုလုံးကို အင်အားသုံးသိမ်းယူဖို့ လုံးပမ်းနေတဲ့ ရာဇဝတ်ကောင်ကို တားဖိုကြိုးစားနေတဲ့ လွတ်လပ်တဲ့ ကမ္ဘာ့အသိုင်းအဝိုင်းဘက်ကနေမလား၊ ရာဇဝတ်ကောင်ကို ထောက်ခံမလားဆိုတဲ့ လမ်းနှစ်လမ်းပဲရှိပါတယ်” ဟု အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဘော့ဘ် မန်နန်ဒက်ဇ် က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆော်ဒီအာရေးဗျ နိုင်ငံသည် ကိုယ်ကျိုးစီးပွားအတွက်ကြောင့် ဆိုးရွားသော ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး ရုရှားကို ထောက်ခံဖို့ ရွေးချယ်ခဲ့သည်ဟု ၎င်းကဆိုသည်။

ဆော်ဒီဦးဆောင်သော အိုပက်အဖွဲ့နှင့် ရုရှားဦးဆောင်သော မဟာမိတ် ၁၀ နိုင်ငံက နိုဝင်ဘာလမှစတင်၍ တစ်နေ့လျှင် ရေနံစည်နှစ်သန်းအထိ ထုတ်လုပ်မှုလျှော့ချသွားရန် သဘောတူညီခဲ့ပြီး ရေနံဈေးနှုန်းများ မြင့်တက်လာမည်နှင့် ပတ်သက်၍ စိုးရိမ်မှုများ တိုးများလာစေခဲ့သည်။

“အမေရိကဟာ လက်နက်ရောင်းချမှုနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အပါအဝင် ဆော်ဒီအာရေးဗျနဲ့ ပူးပေါင်းထားသမျှ ကဏ္ဍအားလုံးကို ချက်ချင်းရပ်တန့်ရပါမယ်၊ ဒါဟာ အမေရိကရဲ့ ဝန်ထမ်းတွေနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်” ဟု မန်နန်ဒက်ဇ်က ဆိုသည်။

မန်နန်ဒက်ဇ်က ဆော်ဒီအနေဖြင့် ယူကရိန်းစစ်ပွဲနှင့် စပ်လျဉ်းနေသော ၎င်း၏ ရပ်တည်ချက်ကို မပြောင်းလဲမချင်း မည်သည့်ပူးပေါင်းဆောင်ရွက်မှုကိုမျှ သဘောတူညီသွားမည် မဟုတ်ဟု ပြောကြားခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here