ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသောရဟတ်ယာဉ်အမှု ၅ ခုလုံးနှင့်ပတ်သက်၍ အောက်တိုဘာ ၁၇ တွင် စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်ပေးရမည်

0
220

အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် ရဟတ်ယာဉ်အမှု ၅ ခုလုံးနှင့်ပတ်သက်၍ ယနေ့ (အောက်တိုဘာလ ၁၁) တွင် နေပြည်တော်အကျဉ်းထောင်အထူးတရားရုံး၌ဆက်လက် စစ်ဆေးခဲ့ပြီး လာမည့်အောက်တိုဘာလ ၁၇ ရက်တွင် စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်ပေးရမည် ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

“စာရင်းစစ်အစီရင်ခံစာတင်တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ညွှန်ကြားရေးမှုးတစ်ယောက်ကို အမှု ၅ ခုလုံးအတွက် စစ်တယ်။သက်သေတွေ ကျန်နေသေးတယ်။ ဒါပေမဲ့ တရားရုံးက ကျန်တဲ့သက်သေတွေကို ပါယ်တယ် မပါယ်ဘူး ဘာမှ မပြောဘူး ၊ လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ ရဟတ်ယာဉ်အမှုနဲ့ ပတ်သက်လို့ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်ပေးရမယ်လို့ သတ်မှတ်လိုက်တယ်။ နှစ်ဖက်လုံးက တင်ကြမယ်ပေါ့။ မနက်ဖြန်မှာတော့ ဦးမောင်ဝိတ်နဲ့ ပတ်သက်တဲ့ ဒေါ်ခင်ကြည်အမှုကို အမိန့်ချမယ်၊ဒီနေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် နှစ်ယောက်လုံး ရောက်တယ်။အားလုံး ကျန်းမာကြပါတယ်”ဟု အဆိုပါ နီးစပ်သူက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှုစုစုပေါင်း ၁၉ မှုဖြင့်တရားစွဲဆိုခံထားရပြီး ထိုအထဲမှ ၁၂ မှုအတွက် ထောင်ဒဏ် အနှစ် ၂၃ အထိချမှတ်ခံထားရကာ ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်သည့် အဂတိအမှု ၅မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သတ်သည့် အဂတိအမှု ၂မှု၊ စုစုပေါင်း ၇ မှုကို ဆက်လက်ရင်ဆိုင်နေရသည်။

Photo Credit -Myanmar Digital News


LEAVE A REPLY

Please enter your comment!
Please enter your name here