မိတ်ဖက်များနှင့်တိုင်ပင်ကာ ဆာခါလီ – ၁ ၏ အဆင့်များကိုဆုံးဖြတ်မည်ဟု ဂျပန်ပြောကြား

0
202

တိုကျို၊ အောက်တိုဘာ ၁၁

ရုရှားနိုင်ငံအရှေ့ဖျားရှိ ဆာခါလီ ၁ ရေနံနှင့်သဘာဝဓာတ်ငွေ့ပရောဂျက်နှင့်ပတ်သက်၍ မော်စကို၏အတည်ပြု ဒီကရီအမိန့်အသေးစိတ်ကို ပြန်လည်သုံးသပ်လျက် ဂျပန်နိုင်ငံအနေဖြင့်၎င်း၏ မိတ်ဖက်နိုင်ငံများနှင့် ညှိနှိုင်းကာ မည်သို့လုပ်ဆောင်ရမည်ကိုဆုံးဖြတ်မည်ဖြစ်ကြောင်း ဂျပန်စက်မှုဝန်ကြီး ရာဆုတိုရှီ နီရှီမူရာ က အင်္ဂါနေ့ကပြောကြားခဲ့သည်။

ရုရှားသည် ပြီးခဲ့သည့်သီတင်းပတ်က Exxon Mobil ၏ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကိုသိမ်းယူခွင့်ပြုသည့် အမိန့်ထုတ်ပြန်ခဲ့ပြီး ဂျပန်နိုင်ငံ၏ SODECO အပါအဝင် နိုင်ငံခြားအစုရှယ်ယာရှင်များသည် စီမံကိန်းတွင်ဆက်လက်ပါဝင်နိုင်ခြင်းရှိမရှိကိုဆုံးဖြတ်ရန် ရုရှားပိုင်အစိုးရကုမ္ပဏီအား အခွင့်အာဏာပေးခဲ့သည်။

“ကျွန်တော်တို့ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်နေပြီးတော့ တိကျတဲ့တုံ့ပြန်မှုများကို ထည့်သွင်းစဉ်းစားပြီး အသေးစိတ်အခြေအနေများနှင့် လုပ်ထုံးလုပ်နည်းများကို အတည်ပြုပေးပါမယ်” ဟုနီရှီမူရာက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ဆာခါလီ ၁ သည် ဂျပန်နိုင်ငံ၏စွမ်းအင်ဖူလုံမှုအတွက် အရေးပါသောပရောဂျက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်းကို ၎င်းကပြောကြားခဲ့ပြီး ယင်းစီမံကိန်းသည် ရေနံတင်သွင်းမှု၏ ၉၅ ရာခိုင်နှုန်းကျော်အတွက် ဂျပန်နိုင်ငံကမှီခိုနေရသည့် အရှေ့အလယ်ပိုင်းအပြင်ဘက်မှ အဓိကစွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

သို့သော်လည်း မေလကတည်းက အဆိုပါပရောဂျက်ကရေနံစိမ်းတင်သွင်းမှုကိုရပ်နားထားသောကြောင့် ဂျပန်နိုင်ငံ၏ရေနံတင်သွင်းမှုကို ချက်ချင်းအကျိုးသက်ရောက်နိုင်ချေတော့နည်းပါးလိမ့်မည် ဟုလည်း၎င်းကပြောကြားခဲ့သည်။

ဝန်ကြီးဌာနသည် Malaysia LNG Dua liquefaction terminal ၏ ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကိုလည်း စုံစမ်းစစ်ဆေးနေကြောင်းဆိုကာ မလေးရှား Petronas က မလွန်ဆန်နိုင်သောသဘာဝဘေး အကျပ်အတည်းကို ကြေငြာမှုသည် ဂျပန်ကုမ္ပဏီများသို့ သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့မှုအပေါ် သက်ရောက်မှုရှိကြောင်းလည်း နီရှီမူရာကပြောကြားခဲ့သည်။

စက်တင်ဘာ ၂၁ ရက်က Sabah – Sarawak ဓာတ်ငွေ့ပိုက်လိုင်းသည် မြေလွှာလှုပ်ရှားမှုကြောင့် ပိုက်လိုင်းယိုစိမ့်မှုဖြစ်ပွားခဲ့သည်ဟု Petronas က အောက်တိုဘာ ၄ ရက်နေ့ကကြေငြာချက်ထုတ်ပြန်ခဲ့သည်။ထိုသို့ဖြစ်ပွားမှုအတွက် “အမြန်ဆုံးပြန်လည်ပြင်ဆင်မွမ်းမံခြင်းနှင့် ဂျပန်နိုင်ငံအတွက် အစားထိုးထောက်ပံ့မှုပေးခြင်းတို့ဖြင့် ရေနံ ဖြည့်တင်းရေးပြတ်တောက်မှု၏ အကျိုးသက်ရောက်မှုကိုလျှော့ချရန် Petronas အား ကျွန်ုပ်တို့ဘက်မှ အလေးအနက်တောင်းဆိုပါတယ်” ဟုလည်း နီရှီမူရာကပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ဂျပန်နိုင်ငံတွင် သဘာဝဓာတ်ငွေ့ကို ပုံမှန် ဖြည့်တင်းပေးနိုင်ရေးအတွက် မလေးရှားအစိုးရနှင့် Petronas တို့နှင့်ပါ အနီးကပ်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ယူကရိန်းအရေးကြောင့် ရုရှားထံမှ စွမ်းအင်တင်သွင်းမှုဖြတ်တောက်ရန်ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရချိန်၌ ဂျပန်နှင့်ဥရောပနိုင်ငံအများအပြားအတွက် စွမ်းအင်လိုအပ်ချက်အမြင့်မားဆုံးဖြစ်သည့် ဆောင်းတွင်းကာလဓာတ်ငွေ့ထောက်ပံ့မှုသေချာစေဖို့ အတတ်နိုင်ဆုံးကြိုးပမ်းနေရချိန်တွင် ယခုကိစ္စသည်  အနှောင့်အယှက်တစ်ခုဖြစ်လာသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here