ကမ္ဘာကြီးသည် ကိုဗစ်အပြီး၌ မမျှတမှုများကို ဖြေရှင်းရန် ပျက်ကွက်ခဲ့–အောက်စ်ဖန်

0
131

လန်ဒန်၊ အောက်တိုဘာ ၁၁

ကမ္ဘာ့နိုင်ငံ အများစုသည် ကိုဗစ်-၁၉ ကပ်ရောဂါ၏ နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်လာသော မမျှတမှုများ များပြားလာမှုကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခဲ့ကြောင်း ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အောက်စ်ဖန်က အောက်တိုဘာလ ၁၁ ရက် အင်္ဂါနေ့တွင်‌ ပြောကြားခဲ့သည်။

အဆိုပါ ပရဟိတအဖွဲ့သည် ကိုဗစ်ဖြစ်ပွားသည့် ပထမနှစ်နှစ်အတွင်း မမျှမှုတများကို ကိုင်တွယ်ဖြေရှင်းသော အစိုးရများ၏ လုပ်ဆောင်ချက်များနှင့် မူဝါဒများကို ၎င်း၏ မညီမျှမှု ဆနှုန်းကို လျှော့ချရန် ကတိကဝတ်ပြုခြင်း (CRI) ဟူသော လေ့လာမှုဖြင့် ဆန်းစစ်ခဲ့ပြီး တွေ့ရှိချက်များကို ထုတ်ဖော်ပြသခဲ့သည်။

“ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ မမျှတမှုတွေ များလာပြီး အဆင်းရဲဆုံးပြည်သူတွေက ရောဂါရော၊ ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေကိုပါ အပြင်းထန်ဆုံး ခံစားခဲ့ရပါတယ်” ဟု ၂ နှစ်တစ်ကြိမ် ပြုစုသော ၎င်း၏ အစီရင်ခံတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်ထုတ် CRI အစီရင်ခံစာတွင် ကမ္ဘာ့အစိုးရအများစုမှာ အန္တရာယ်ရှိသော မမျှတမှုများ များပြားလာခြင်းကို လျော့ပါးအောင် ပြုလုပ်ရာ၌ ပျက်ကွက်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ပြသထားသည်။

အဆိုပါ ပရဟိတအဖွဲ့သည် ၂၀၂၀ မှ ၂၀၂၂ အထိ အစိုးရ ၁၆၁ ဖွဲ့ကို အကဲဖြတ်ခဲ့သည်။ 

လေ့လာတွေ့ရှိချက်အရ နိုင်ငံပေါင်း ၁၆၁ နိုင်ငံမှ ထက်ဝက်လောက်သည် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်ကို ဖြတ်တောက်ခဲ့ပြီး ၇၀ ရာခိုင်နှုန်းသော နိုင်ငံများမှာ ပညာရေး အသုံးစရိတ်များ ဖြတ်‌တောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံပေါင်း ၁၆၁ နိုင်ငံ အနက် ၁၄၃ နိုင်ငံက ချမ်းသာသူများကို အခွန်တိုးကောက်ရန် ပျက်ကွက်ခဲ့ပြီး ၁၁ နိုင်ငံက ၎င်းတို့၏ အခွန်များကို ဖြတ်တောက်ရန် ရွေးချယ်ခဲ့သည်။

ထို့အပြင် လေ့လာခဲ့သည့် နိုင်ငံများမှ သုံးပုံနှစ်ပုံမှာ ၎င်းတို့၏ အနည်းဆုံးလုပ်ခကို ပြည်တွင်းအသားတင် ကထုတ်လုပ်မှုနှင့်အညီ တိုးမြှင့်ပေးရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

အောက်စ်ဖန်၏ အဆင့်သတ်မှတ်ချက်အရ မမျှတမှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ နော်ဝေးနိုင်ငံသည် စွမ်းဆောင်ရည် အကောင်ဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးက ရပ်တည်ခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here