အခြေခံအဆောက်အဦကိုတိုက်ခိုက်မှုများအတွက် မော်စကိုအားနေတိုးသတိပေး

0
199

ဘရပ်ဆဲလ်၊အောက်တိုဘာ ၁၂

နေတိုးကမော်စကိုအားမိမိတို့အနေဖြင့် မဟာမိတ်များ၏အရေးပါသော အခြေခံအဆောက်အဦ တို့အားတိုက်ခိုက်မှုများကို စည်းလုံးစွာဖြင့် ပြတ်ပြတ်သားသား တိုက်ခိုက် သွား မည်ဖြစ်ကြောင်းနှင့် ရုရှားသည်စစ်မြေပြင်၌ကျရှုံးနေသဖြင့် ၎င်း၏ နျူတပ်ဖွဲ့များကိုလည်း အနီးကပ်စောင့်ကြည့်နေကြောင်း အောက်တိုဘာ ၁၁ ရက် အင်္ဂါနေ့ကပြောကြားခဲ့သည်။

နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg ကမူ ကာကွယ်ရေးမဟာမိတ်များအနေဖြင့် ရုရှားနျူကိစ္စနှင့်ပတ်သက်၍ အပြောင်းအလဲတစ်စုံတစ်ရာမတွေ့ရှိသေးသော်လည်း ၎င်းတို့အနေဖြင့် နိုးနိုးကြားကြားရှိနေပြီး ၎င်း၏နျူပြင်ဆင်ရေးလေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အခုအချိန်က မဟာမိတ်အားလုံးကိုကာကွယ်ဖို့ နေတိုးကအဆင်သင့်ရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားပြရမယ့်အချိန်ပါပဲ၊ယူကရိန်းကိစ္စကြောင့် အချိန်အတော်ကြာစီစဉ်ထားတဲ့ပုံမှန်လေ့ကျင့်ရေးတွေကို ရုတ်တရက်ရပ်လိုက်ရင်အင်မတန်မှားယွင်းသွားပါလိမ့်မယ်” ဟု မစ္စတာ Stoltenberg ကပြောကြားခဲ့သည်။

၎င်းသည်နှစ်စဉ်ကျင်းပနေကြဖြစ်သော “Steadfast Noon” စစ်ရေးလေ့ကျင့်မှုကိုရည်ညွှန်းခြင်းဖြစ်သည်။အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် နေတိုးလေတပ်သည်ဥရောပအခြေစိုက် အမေရိက၏နျူကလီးယားဗုံးများဖြင့်လေ့ကျင့်ပျံသန်းခြင်းဖြစ်ပြီး လက်နက်ပစ်လွှတ်စမ်းသပ်ခြင်းမျိုးတော့မပါဝင်ကြောင်းသိရှိရသည်။

“ကျွန်တော်တို့ရဲ့နျူအဟန့်အတားက ဘေးကင်းလုံခြုံပြီးထိရောက်မှုရှိစေမယ့် လေ့ကျင့်ရေးတစ်ခုဖြစ်ပါတယ်” ဟု ဘရပ်ဆဲလ်၌နှစ်ရက်ကြာပြုလုပ်သည့် အနောက်မဟာမိတ်ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီသတင်းစာရှင်းလင်းပွဲတွင် Stoltenberg ကပြောကြားခဲ့သည်။

နေတိုး၏စစ်ရေးအင်အားသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ယူကရိန်းသို့ကျူးကျော်ခဲ့ပြီး နျူလက်နက်အသုံးပြုနိုင်ကြောင်း ခြိမ်းခြောက်နေသည့် ရုရှားနှင့်စစ်ရေးတင်းမာမှုများ တိုးမြင့်လာမှုကိုတားဆီးရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

Nord Stream ဓာတ်ငွေ့ပိုက်လိုင်းများတိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အရေးပါသောအခြေခံအဆောက်အဦများအား ကာကွယ်ရေးအသုံးစရိတ်ကိုမြှင့်တင်သွားမည်ဟု ၎င်းကကတိပြုခဲ့သည်။Nord Stream ပိုက်လိုင်းများပျက်စီးသွားခြင်းကိုအကြောင်းထောက်၍ အရေးကြီးသောအခြေခံအဆောက်အဦများအား အကာအကွယ်တိုးမြှင့်ပေးသွားမည်ဟုလည်းပြောကြားခဲ့သည်။ပိုက်လိုင်းများတိုက်ခိုက်ခံရမှု၏နောက်ကွယ်တွင် မည်သူရှိနေသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းလည်း ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here