ယိုကိုဟားမား၊အောက်တိုဘာ ၁၁
တိုကျိုမြို့အနီးရှိ ထိန်းသိမ်းရေးစခန်းတစ်ခုတွင် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုဖြင့် ၂၀၂၀ ပြည့်နှစ်က စွဲချက်တင်ခံရပြီးနောက် ဖမ်းဆီးခံထားရသည့် ဂျပန်နိုင်ငံမှအစ္စရေးနိုင်ငံသားတစ်ဦး သေဆုံးသွားကြောင်း ၎င်း၏ရှေ့နေက အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။
ယိုကိုဟားမား ခရိုင်တရားရုံးသည် အသက် ၆၀ နှစ်အရွယ်ရှိ မစ္စတာ Amnon Hanoh Tenenboim ၌ နှလုံးရောဂါရှိသည်ဟု သံသယရှိသော်လည်း အထူးကုသမှုခံယူခွင့်ပေးရန်ငြင်းဆိုခဲ့ကြောင်း ရှေ့နေ Takashi Takano ကပြောကြားခဲ့သည်။
သို့သော် ယိုကိုဟားမားထိန်းသိမ်းရေးစခန်း၏ပြောကြားချက်အရ မစ္စတာ Tenenboim သည် ထိုနေ့က ၎င်းအားချုပ်ထားရာအချုပ်ခန်းအတွင်းရှိ ခုတင်ပေါ်၌ မေးစေ့အောက်မှ ဦးခေါင်းထိပ်အထိ ခေါင်းစည်းမျှော့ကြိုးဖြင့် ပတ်ထားသည်ကိုမြင်တွေ့ခဲ့ရသဖြင့် မိမိဘာသာသေကြောင်းကြံသွားခြင်းမျိုး ဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။
မစ္စတာ Tenenboim သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက တရားမဝင်စိတ်ကြွဆေးအမြောက်အမြားကို မှောင်ခိုတင်သွင်းမှုအတွက် Kanagawa စီရင်စုရဲများက ၎င်းအားဖမ်းဆီးခြင်းမပြုမီ တစ်လခန့်အကြာက အစ္စရေးတွင် နှလုံးခွဲစိတ်မှုပြုလုပ်ခဲ့ကြောင်းရှေ့နေ Takano ကပြောကြားခဲ့သည်။
မစ္စတာ Tenenboim သည် အဖမ်းခံလိုက်ရချိန်တွင် ချက်ချင်းဆိုသလိုပင် ကျန်းမာရေးမကောင်းကြောင်း လျှောက်ထားခဲ့ကာ ၂၀၂၁ ခုနှစ် မတ်လက ခရိုင်ရဲများနှင့် ထိန်းသိမ်းရေးစခန်းသို့ တင်သွင်းခဲ့သော ဆေးဘက်ဆိုင်ရာအကူအညီအတွက် တောင်းဆိုမှုများကိုလည်း မရရှိခဲ့ကြောင်းသိရှိရသည်။
လွန်ခဲ့သည့်လကလည်း မစ္စတာ Tenenboim သည် ကျွမ်းကျင်ပညာရှင်များထံမှ ဆေးကုသမှုကိုခံယူနိုင်ရန် တရားရုံးအား ၎င်း၏ထိန်းသိမ်းမှုကိုဆိုင်းငံ့ထားရန် တောင်းဆိုခဲ့သော်လည်း အဆိုပါတောင်းဆိုမှုအား အလားတူပင်ငြင်းဆိုခဲ့သည်။
မစ္စတာ Tenenboim အား ရှေ့နေမှလွဲ၍ အခြားမည်သူနှင့်မျှ တွေ့ဆုံခွင့်မပေးထားခြင်းကလည်း ၎င်းအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်စေနိုင်ကြောင်း ရှေနေကပြောကြားခဲ့ပြီး ၎င်း၏အမှုသည်၌ အပြစ်မရှိဟုလည်း ရှေ့နေမစ္စတာ Takano က ပြောကြားခဲ့သည်။
“သူ့အခြေအနေ ပိုဆိုးလာတယ်ဆိုပြီး ဆရာဝန်တစ်ယောက်ကပြောလို့ ချုပ်နှောင်မှုကို ဆိုင်းငံ့ထားပေးဖို့တောင်းဆိုခဲ့ပေမယ့်ခွင့်မပြုခဲ့ပါဘူး ၊ ဒါဟာ လူသားဆန်တဲ့လုပ်ရပ်တော့မဟုတ်ပါဘူး” ဟု Takano က ပြောကြားခဲ့သည်။အဆိုပါကိစ္စနှင့်ပတ်သက်၍မူ တရားရုံးက မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမျိုးမရှိခဲ့ပေ။
Source :Kyodo