ရုရှားက Meta ကို အစွန်းရောက်၊ အကြမ်းဖက်စာရင်းထဲထည့်

0
160

မော်စကို၊အောက်တိုဘာ ၁၁

ရုရှားနိုင်ငံသည် အောက်တိုဘာ ၁၁ ရက် အင်္ဂါနေ့တွင် ဖေ့စ်ဘွတ်ခ်နှင့်အင်စတာဂရမ်တို့ ကို ပိုင်ဆိုင်သည့်ကုမ္ပဏီဖြစ်သော Meta လုပ်ငန်းစုအား အစွန်းရောက်၊ အကြမ်းဖက်စာရင်းထဲထည့်သွင်းခဲ့ကြောင်း ဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်လေ့လာရေး Federal Service (Rosfinmonitoring) ၏ဒေတာဘေ့စ်တစ်ခုအရသိရှိရသည်။

ယူကရိန်းတွင် ရုရှား၏စစ်ရေးလှုပ်ရှားမှုအတွင်း Meta သည် “Russophobia (ရုရှားကြောက်ရောဂါ) အား မပိတ်ပင်ခဲ့ဟုဆိုကာ ရုရှားအာဏာပိုင်များကစွပ်စွဲခဲ့ပြီး မတ်လနှောင်းပိုင်းတွင် ဖေ့စ်ဘွတ်ခ်နှင့်အင်စတာဂရမ်တို့သည် အစွန်းရောက်လှုပ်ရှားမှုများကိုလုပ်ဆောင်သည်ဟုဆိုကာ အသုံးပြုခွင့်ပိတ်ပင်ခဲ့သည်။

မတ်လ ၁၀ ရက်နေ့တွင် Meta ဘက်က လည်း ၎င်းတို့မီဒီယာပလက်ဖောင်းအနေဖြင့် “ကျူးကျော်သူရုရှားများသေခြင်း” ကဲ့သို့သောရေးသားချက်များကို ခွင့်ပြုပေးခဲ့သော်လည်း ယူကရိန်းနိုင်ငံအတွင်းကပို့စ်တင်သူများအတွက်သာ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ခွင့်ပြုပေးလိုက်ခြင်းသည် အရပ်သားများအပေါ်ခြိမ်းခြောက်မှုမျိုး မသက်ရောက်စေကြောင်းပြန်လည်ပြောကြားခဲ့သည်။

ဖေ့စ်ဘွတ်ခ်နှင့်အင်စတာဂရမ်တို့သည် မတ်လကတည်းက ရုရှားနိုင်ငံတွင်သုံးစွဲခွင့်ပိတ်ထားသော်လည်း ရုရှားနိုင်ငံသားအများအပြားသည် ဆိုရှယ်မီဒီယာ ကိုဆက်လက်အသုံးပြုနိုင်ရန် VPN ကိုအသုံးပြုခဲ့ကြသည်။အင်စတာဂရမ်သည် ရုရှားတွင်အထူးရေပန်းစားပြီး ကြော်ငြာနှင့်အရောင်းအဝယ်အတွက် အဓိကကျသောပလက်ဖောင်းတစ်ခုဖြစ်ခဲ့ဖူးသည်။

ကမ္ဘာတစ်ဝန်းရှိ ဘီလီယံနှင့်ချီသောလူများသည် Meta ၏ အက်ပ်ကိုအသုံးပြုလျက်ရှိကြပြီး ယခုစာရင်းတွင် Meta အားထည့်သွင်းလိုက်ခြင်းသည် အဆိုပါလုပ်ငန်းစုအနေဖြင့် လက်ယာယိမ်းအမျိုးသားရေးဝါဒီအုပ်စုများ၊တာလီဘန်များနှင့် ရုရှားအတိုက်အခံအဖွဲ့များအပါအဝင် ပြည်ပအကြမ်းဖက်အဖွဲ့များObjectတွင် ထည့်သွင်းလိုက်ခြင်းပင်ဖြစ်သည်ဟုဖော်ပြထားသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here