အိန္ဒိယအစိုးရက ဂမ်ဘီယာ ကလေးငယ်များ သေဆုံးမှုနှင့် ဆက်နွယ်နေသည့် စက်ရုံရှိ ချောင်းဆိုးပျောက်ဆေးရည် ထုတ်လုပ်မှုကို ရပ်ဆိုင်း

0
313

မွန်ဘိုင်း၊ အောက်တိုဘာ ၁၂

ဂမ်ဘီယာရှိ ကလေးငယ်များ ဒါဇင်လိုက် သေဆုံးမှုမှာ မေဒန်ဆေးဝါး ကုမ္ပဏီကထုတ်သော ချောင်းဆိုပျောက်ဆေးရည်နှင့် ဆက်နွယ်နေနိုင်သည်ဟူသော WHO ၏ အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် အိန္ဒိယ အာဏာပိုင်များသည် မေဒန် စက်ရုံရှိ ဆေးဝါး ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ပြည်နယ်ဝန်ကြီးတစ်ဦးက အောက်တိုဘာလ ၁၂ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဟာရာနာ ပြည်နယ်ရှိ ကျန်းမာရေးဝန်ကြီး အနီးလ် ဗစ်ဂျ်က အာဏာပိုင်များသည် ဆိုနီပတ် မြို့အနီးရှိ မေဒန် စက်ရုံကို သွားရောက်စစ်ဆေးခဲ့ရာ လိုက်နာရမည့် သတ်မှတ်ချက် ၁၂ ခု ချိုးဖောက်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ANI သတင်းဌာန ဆီသို့ ပြောကြားခဲ့သည်။ ထို့နောက် စက်ရုံ၏ ထုတ်လုပ်မှုကို ရပ်ဆိုင်းထားလိုက်သည်ဟု ဗစ်ဂျ်က ဆိုသည်။

မေဒန် ထုတ်ကုန်လေးခုကို ဓာတ်ခွဲခန်းတွင် လေ့လာကြည့်ရာ အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ကျောက်ကပ် ထိခိုက်စေနိုင်သော ဒိုင်ရာတလင်း ဂလိုင်ကောနှင့် အီတလင်း ဂလိုင်ကော ပမာဏမှာ သုံးစွဲရန် မသင့်တော်သည့်အထိ ပါဝင်နေကြောင်း WHO က ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့သည်။

အဆိုပါထုတ်ကုန် လေးခုစလုံး၏ နမူနာများကို ဗဟိုအစိုးရဓာတ်ခွဲခန်းဆီသို့ စမ်းသပ်ရန် ပေးပို့ထားပြီး ရလဒ်များအပေါ် မူတည်၍ အရေးယူသင့်၊ မယူသင့် ဆုံးဖြတ်သွားမည်ဟု အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် အပတ်တွင် ပြောကြားခဲ့သည်။ 

ကျောက်ကပ် ဒဏ်ရာကြောင့် သေဆုံးခဲ့သော ကလေး ၆၉ ဦးမှာ အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်များနှင့် အမေရိက အခြေစိုက် ကုမ္ပဏီတစ်ခုက တင်သွင်းသည့် ဆေးများနှင့် ဆက်စပ်နေသည်ဟု ဂမ်ဘီယာ ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ မေဒန် အမှုဆောင် နာရက်ရှ် ကူမာလ် ဂိုရယ် က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ 

ကုမ္ပဏီသည် ဂမ်ဘီယာတွင် ဖြစ်ပျက်ခဲ့သမျှကို ၎င်း၏ အဝယ်တော်ထံမှ အဖြေရှာရန် ကြိုးပမ်းနေသည်ဟု ပြီးခဲ့သည့် အပတ်တွင် ရိုက်တာ သတင်းဌာနသို့ ၎င်းက ပြောကြားခဲ့သည်။

မေဒန်က ၎င်း၏ စက်ရုံသုံးရုံသည် တစ်နှစ်လျှင် ဆေးပုလင်းပေါင်း ၂ ဒသမ ၂ သန်း၊ ဆေးတောင့် သန်း ခြောက်ရာ၊ ထိုးဆေး ၁၈သန်း၊ လိမ်းဆေးဘူး သုံးသိန်း နှင့် ဆေးပြားပေါင်း ၁ ဒသမ ၂ ဘီလီယံခန့် ထုတ်လုပ်နေကြောင်း ၎င်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here