သက်တမ်းကုန်ရက်စွဲရှိ Mie Sedaap အမှတ်တံဆိပ် အစားအသောက်များ မြန်မာနိုင်ငံအတွင်း တရားမဝင်လမ်းကြောင်းမှဝင်ရောက်လာနိုင်၍ စားသုံး သူများအနေဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှဝယ်ယူစားသုံးရန် FDA Myanmar သတိပေး

0
366

ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သက်တမ်းကုန်ရက်စွဲရှိသည့် အင်ဒိုနီးရှားနိုင်ငံထုတ် Mie Sedaap အမှတ်တံဆိပ်ပါ အစားအသောက်(၆)မျိုးနှင့်ပတ်သက်၍ သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Singapore Food Agency ၏ အောက်တိုဘာ ၁၁ ရက်ကြေညာချက်အရ အင်ဒိုနီးရှားနိုင်ငံထုတ် Mie Sedaap အမှတ်တံဆိပ်ပါ အစားအသောက် (၆)မျိုးအနက် သက်တမ်းကုန်ရက်စွဲရှိ အမျိုး အ မည်များတွင် Ethylene oxide သတ်မှတ်ပမာဏထက်ပိုမိုပါဝင်နေ၍ ဈေးကွက်အတွင်းမှပြန်လည် သိမ်းဆည်းလျက်ရှိသည်ဟု သိရသည်။

Ethylene oxide သည် အစားအသောက်တွင် သုံးခွင့်မရှိသည့် ပိုးသတ်ဆေးတစ်မျိုးဖြစ်ကာ အဏုဇီဝပိုးကူးစက်ပျံ့နှံ့မှုအားတားဆီးရန် စိုက်ပျိုးရေး ထွက်ကုန်များကို မီးခိုးမှိုင်းတိုက်ရာ၌ အသုံးပြုလေ့ရှိကာ အစားအသောက်စက်ရုံများမှလည်း Ethylene oxide အား ဟင်းခတ်အမွှေးအကြိုင်များကို ပိုးသန့်စင်ရာ၌ အသုံးပြုလေ့ရှိသည်ဟု FDA Myanmar ၏အသိပေးထုတ်ပြန်ချက်အရ သိရသည်။

အစားအသောက်များတွင် Ethylene oxide ပါဝင်မှုအား Singapore နိုင်ငံတွင် Maximum residue limits (MRL) of ethylene oxide 50mg/kg (50ppm)ထက် ပိုမများစေရန်သတ်မှတ်ထားပြီး European Union တွင် Maximum residue limits(MRL) of ethylene oxide 0.1mg/kg ထက် ပိုမများစေရန်သတ်မှတ်ထားသည်။ 

Ethylene oxide ပမာဏအနည်းငယ် စားသုံးမိပါက ချက်ခြင်းအန္တရာယ်မဖြစ်နိုင်သော်လည်း ရေ ရှည်စားသုံးမိပါက ကျန်းမာရေးထိခိုက်မှုများဖြစ်စေနိုင်သည်ဟု FDA Myanmar ကအသိပေးထုတ်ပြန်ခဲ့သည်။

Singapore Food Agency ကြေညာချက်တွင်ပါရှိသည့် သက်တမ်းကုန်ရက်စွဲရှိ အစားအသောက်များသည် မြန်မာနိုင်ငံအတွင်း တရားဝင်တင်သွင်းထားခြင်းမရှိသော်လည်း တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာနိုင်၍ စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးရာတွင် သက်တမ်းကုန်ရက်စွဲအား တိုက်ဆိုင်စစ်ဆေးပြီး ဝယ်ယူစားသုံးကြရန် FDA Myanmar ကသတိပေးခဲ့သည်။

ရောင်းချသူများအနေဖြင့်လည်း ယင်း သက်တမ်းကုန်ရက်စွဲရှိ အစားအသောက်များအား ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းရန် FDA Myanmar ကအသိပေးထုတ်ပြန်ခဲ့သည်။

လိုက်နာခြင်းမရှိသူများအား အမျိုးသားအစားအလသောက်ဥပဒေပုဒ်မ၂၈(က)အရ အရေးယူသွားမည်ဟု FDA Myanmar ကအသိပေးခဲ့သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေး အန္တရာယ်ကင်းရှင်းသည့် အစားအသောက်များအား အများပြည်သူ စားသုံးနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here