အနောက်နိုင်ငံ ၅၀ ကျော်က ရုရှား၏ အစုအပြုံလိုက် တိုက်ခိုက်မှုအပြီး ယူကရိန်းထံ စစ်ရေးအကူအညီများ ထောက်ပံ့သွားမည်

0
341

ရုရှားသည် အရေးအခင်း စတင်ကတည်းက ၎င်း၏ အပြင်းထန်ဆုံးသော ဒုံးကျည်များကို အစုအပြုံလိုက် ပစ်လွှတ်လိုက်ပြီးနောက် အနောက်နိုင်ငံ ၅၀ ကျော်သည် ဘရပ်ဆဲလ်တွင် တွေ့ဆုံခဲ့ကြပြီး ယူကရိန်းအား လက်နက်များ၊ အထူးသဖြင့် လေကြောင်းရန်ကာကွယ်ရေး စနစ်များ ပိုမို ထောက်ပံ့ပေးသွားမည်ဟု ကတိပြုခဲ့ကြသည်။

ရုရှားသည် ပူတင်က ခရိုင်းမီးယားတံတား ပေါက်ကွဲမှုနှင့် ပတ်သက်၍ ယူကရိန်းအပေါ် လက်တုံ့ပြန် တိုက်ခိုက်မှုများ ပြုလုပ်ရန် အမိန့်ပေးခဲသည့် တနင်္လာနေ့မှစ၍ ယူကရိန်းနိုင်ငံတစ်ဝန်း ဒုံးကျည်ပေါင်း တစ်ရာကျော် ပစ်လွှတ်ခဲ့ပြီး အနည်းဆုံး လူ ၂၆ ဦး သေဆုံးစေခဲ့သည်။

နေတိုး အတွင်းရေးမှူး ချုပ်ယန်စ် စတိုးတန်ဘတ်ဂ်က ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုများမှာ ပျော့ညံခြင်းကို ပြသနေသည့် လက္ခဏာဖြစ်ပြီး ရုရှားသည် စစ်မြေပြင်၌ အမှန်တကကယ် ရှုံးနိမ့်နေကြောင်း ပြောကြားခဲ့သည်။

တနင်္လာနေ့ တိုက်ခိုက်မှုပြီးကတည်းက ဂျာမနီသည် ယူကရိန်းထံ ပေးပို့ရန် စီစဉ်ထားသည့် IRIS-T SLM လေကြောင်းရန်ကာကွယ်ရေးစနစ် လေးခုအနက်မှ ပထမဆုံးတစ်ခုကို ပေးပိုခဲ့ပြီး ဝါရှင်တန်ကလည်း ကတိပေးထားသည့် NASAMS လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ပေးပို့နိုင်ရန် အရှိန်မြှင့် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြင်သစ်သည် ယူကရိန်းထံ လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

“ဒီတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ ရေဒါစနစ်တွေနဲ့ ဒုံးကျည်တွေ ပေးပို့သွားမှာပါ” ဟု မက်ခရွန်မှ ဖရန့်စ် ၂ ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။ ထို့အပြင် ပြင်သစ်သည် နောက်ထပ် ဆီဇာ ရွေ့လျားအမြောက် အစီးရေ ခြောက်စီးကိုလည်း ပေးပို့ရန် ညှိနှိုင်းနေသည်ဟု ၎င်းကဆိုသည်။

ဗြိတိန်က ခရုဇ်ဒုံးကျည်များကို ပစ်ချနိုင်သည့် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များကို လှူဒါန်းမည်ဟု ပြောကြားခဲ့သည်။

ဗြိတိန်သည် ယူကရိန်းအား ရာပေါင်းများစွာသော လေကြောင်းရန် ကာကွယ်ရေးဒုံးကျည် အမျိုးအစားများအပြင် ဒရုန်းများနှင့် နောက်ထပ်ဟော့ဝစ်ဇာအမြောက် ၁၈ လက်ကိုပါ ပေးအပ်ရန် စီစဉ်နေကြောင်း သိရသည်။

Source:Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here