မြောက်ကိုရီးယားက နျူကလီးယားပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့

0
176

မြောက်ကိုရီးယားသည် တာဝေးပစ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ခေါင်းဆောင် ကင်မ်ဂျုံအန်က ထိုပစ်လွှတ်မှုမှာ တိုင်းပြည်၏ နည်းဗျူဟာမြောက် နျူကလီးယား ပစ်ခတ်နိုင်စွမ်းကို အောင်မြင်စွာ ပြသနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ချီးကျူး ဂုဏ်ပြုခဲ့သည်။

အဆိုပါ စမ်းသပ်မှုကို ဗုဒ္ဓဟူးနေ့ (မနေ့)က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နည်းဗျူဟာမြောက် နျူကလီးယားစစ်ဆင်ရေးအတွက် ကိုရီးယားပြည်သူ့တပ်မတော်ထံ ချပေးထားသော ခရုဇ်ဒုံးကျည်များ၏ စွမ်းဆောင်ရည်နှင့် အင်အားကို မြှင့်တင်လိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က အောက်တိုဘာလ ၁၃ ရက် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ဒုံးကျည်များကို ဆက်တိုက် ပစ်လွှတ်စမ်းသပ်နေပြီး ယခုစမ်းသပ်မှုမှာ နောက်ဆုံးပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ စမ်းသပ်မှုများကြောင့် တိုင်းပြည် နှစ် ပြည်ကွဲနေသော ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာစေရုံသာမက ပြုံယမ်း၏ ငါးနှစ်အတွင်း ပထမဆုံး နျူလက်နက် စမ်းသပ်မှု ပြုလုပ်မည့်အ ရေးကိုလည်း စိုးရိမ်မှုများ တိုး ပွားလာစေခဲ့သည်။ 

ခရုဇ်ဒုံးကျည်များသည် ပင်လယ်ပြင်ကို ကျော်ဖြတ်၍ ကီလိုမီတာ နှစ်ထောင် (မိုင် ၁၂၄၀) အထိ ရောက်ရှိခဲ့ပြီး ရည်ရွယ်ထားသော နေရာသို့ ထိမှန်ခဲ့သည်ဟု KCNA က ဆိုသည်။ သို့ရာတွင် ထိမှန်ခဲ့သည့် နေရာအတိအကျကိုမူ ဖော်ပြထားခြင်း မရှိပေ။

အဆိုပါ စမ်းသပ်မှုမှာ ၎င်း၏ ရန်သူများထံ ပေးပို့သည့် နောက်ထပ် ပြတ်သားသော သတိပေးချက်ဖြစ်ကြောင်း ကင်က အလေးပေးပြောကြားခဲ့သည်။

“တိုင်းပြည်ဟာ အရေးကြီးတဲ့ စစ်ရေး အကျပ်အတည်းနဲ့ စစ်ပွဲဆိုင်ရာ အကျပ်အတည်းတွေကို အချိန်မရွေး ပြတ်ပြတ်သားသား ဟန့်တားနိုင်စေဖို့နဲ့ အဲအချိန်ရောက်ရင် လုံးဝ လက်ဦးမှုရယူနိုင်စေဖို့ နျူကလီးယား မဟာဗျူဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးနယ်ပယ်ကို ဆက်လက်ချဲ့ထွင်သင့်တယ်” ဟု ကင်မ်က ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဒုံးကျည်ပစ်လွှတ်မှုအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ဖြေရှင်းရန်အတွက် ဝါရှင်တန်သည် ၎င်း၏ မဟာမိတ်များ၊ မိတ်ဖက်များနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်ကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

Source:Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here