လက်ဘနွန်သမ္မတက သမိုင်းဝင် အစ္စရေးရေပိုင်နက်ဆိုင်ရာ သဘောတူညီချက်ကို အတည်ပြု

0
219

လက်ဘနွန်သမ္မတ မီရှယ်လ် အောင်န်က ၎င်း ၏တိုင်းပြည်သည် အမေရိကကကြားဝင်စေ့စပ်ပေးသော ၎င်းနှင့် အစ္စရေးကြားရှိ ပင်လယ်ရေပိုင်နက် သဘောတူညီချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ သဘောတူညီချက်မှာ ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းများ တည်ရှိရာ မြေပင်ထဲပင်လယ်ရှိ အငြင်းပွားမှု ဖြစ်ပွားနေသော ရေပိုင်နက် ၃၃၂ စတုရန်းမိုင်ကို လက်ဘနွန်မှ ပြန်လည်ရရှိသည့် သမိုင်းဝင်အောင်မြင်မှုကို ကိုယ်စားပြုကြောင်း အောင်န်က အောက်တိုဘာလ ၁၄ ရက် ကြာသပတေးနေ့က ပြောကြားခဲ့သည်။

သို့ရာတွင် ထိုသဘောတူညီချက်မှာ အစ္စရေးနှင့် ပုံမှန် ဆက်ဆံရေး ပြန်လည်ထူထောင်ရေးအတွက် လမ်းစခင်းပေးခြင်း မဟုတ်ကြောင်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။
၎င်း သဘောတူညီမှုသည် အမေရိကန် အကြီးတန်း အရာရှိ အေမို့စ် ဟော့စတိုင်းက လက်ဘနွန်နှင့် အစ္စရေးကြား လပေါင်းများစွာ ကြားဝင်ဖျန်ဖြေပေးရာမှ ရရှိလာခြင်းဖြစ်သည်။

ထိုသဘောတူညီချက်သည် ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ စတင်တည်ထောင်ချိန်မှစ၍ တရားဝင် စစ်ဖြစ်နေကြသည့် နှစ်နိုင်ငံကြား ဆက်ဆံရေးတွင် ကြီးမားသော အောင်မြင်မှုကို ကိုယ်စားပြုသည်။

အောင်န်သည် ယခုအပတ်အတွင်း ဟော့စတိုင်းထံမှ နောက်ဆုံးထွက် သဘောတူညီချက်မိတ္တူများကို လက်ခံရရှိထားသည့် အိမ်စောင့်ဝန်ကြီးချုပ် Najib Mikati နှင့် လွှတ်တော်ဥက္ကဋ္ဌ Nabih Berri တို့နှင့် တွေ့ဆုံပြီးနောက် နာရီအနည်းငယ်အကြာတွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးအစိုးရသည်လည်း ဗုဒ္ဓဟူးနေ့တွင် အမေရိကနှင့် ကြားဝင်စေ့စပ်ထားသည့် သဘောတူညီချက်ကို မဲခွဲရာ အများစုက ထောက်ခံမဲပေးခဲ့ကြသည်။

“ဒီညှိနှိုင်းမှုရဲ့အဆုံးသတ်ဟာ လက်ဘနွန်နိုင်ငံအတွက် လိုအပ်နေတဲ့ တည်ငြိမ်မှု၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြည့်စွက်ပေးမယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်ယူခြင်းအားဖြင့် လိုအပ်နေတဲ့ စီးပွားရေး တိုးတက်မှုအတွက်ပါ အုတ်မြစ်ချဖို့အတွက် အလားအလာရှိတဲ့ ခြေလှမ်းတစ်ခုဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု အောင်န်က ပြောကြားခဲ့သည်။

သဘောတူညီချက်အရ အငြင်းပွားမှု ဖြစ်နေသော ရေပိုင်နက်အား ကွမ်နာ သဘာဝ ဓာတ်ငွေ့နယ်မြေကို ခွလျက်တည်ရှိနေသည့် မျဉ်းတစ်လျှောက် ပိုင်းခြားသတ်မှတ်ထားမည် ဖြစ်သည်။

ဓာတ်ငွေ့ထုတ်လုပ်မှုသည် လက်ဘနွန်ဘက်ခြမ်းမှ ရရှိမည်ဖြစ်သော်လည်း အစ္စရေးဘက်မှ ၎င်း၏ ဓာတ်ငွေ့ထုတ်ယူမှုအတွက် လျော်ကြေးလက်ခံရရှိမည်ဖြစ်သည်။

Source: အယ်လ်ဂျာဇီးရာ


LEAVE A REPLY

Please enter your comment!
Please enter your name here