ပါလက်စတိုင်းက အမေရိကကို အယုံအကြည်မရှိကြောင်းဆိုကာ ရုရှားနှင့်ဆက်ဆံရေးအတွက်တော့ကျေနပ်မိသည်ဟုဆို

0
275

ဂျေရုဆလင်၊အောက်တိုဘာ ၁၃

ပါလက်စတိုင်းသမ္မတ Mahmoud Abbas သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အောက်တိုဘာ ၁၃ ရက် ကြာသပတေးနေ့ကတွေ့ဆုံခဲ့ပြီး အစ္စရေးပဋိပက္ခနှင့်ပတ်သက်၍ ဝါရှင်တန်အပေါ်အယုံအကြည်မရှိကြောင်း ဖော်ပြခဲ့ပြီး ရုရှား၏ရပ်တည်မှုအတွက်လည်း ကျေးဇူးတင်ကြောင်းဖော်ပြခဲ့သည်။

ရုရှား၊အမေရိက၊ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့ကကြားဝင်ဖျန်ဖြေပေးသည့် Quartet ကို ၎င်းတို့အနေဖြင့်ထောက်ခံကြောင်း သမ္မတ Abbas ကပြောကြားခဲ့သော်လည်း အမေရိကအနေဖြင့် တစ်ဦးတည်းဆုံးဖြတ်ရန် မဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့အမေရိကကိုယုံကြည်မှုမရှိဘူးဆိုတဲ့ ရပ်တည်ချက်ကိုသမ္မတပူတင် တို့ကောင်းကောင်းသိပါတယ်၊ကျွန်တော်တို့က အမေရိကကိုမယုံဘူး၊အမေရိကအပေါ်မမှီခိုဘူး၊ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေပါစေ အမေရိကဟာပြဿနာဖြေရှင်းနိုင်တဲ့ တစ်ဦးတည်းသောသူမဟုတ်ပါဘူး” ဟု ကာဇက်စတန်နိုင်ငံရှိ Interaction and Confidence Building Measures in Asia (CICA) ညီလာခံတွင် မစ္စတာ Abbas ကသမ္မတပူတင်အားပြောကြားခဲ့သည်။

“ဒီနိုင်ငံက ကြီးကျယ်တဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်နေလို့ Quartet အတွင်းရှိနေနိုင်ပေမဲ့ အရာရာကိုဆုံးဖြတ်နိုင်တဲ့တစ်ခုတည်းသော နိုင်ငံအဖြစ်နဲ့တော့ ဘယ်တော့မှလက်ခံမှာမဟုတ်ပါဘူး” ဟု ၎င်းကရုပ်မြင်သံကြားမိန့်ခွန်းတွင်ပြောကြားခဲ့သည်။

ယူကရိန်းသို့ကျူးကျော်မှုအတွက် ရုရှားအားဖယ်ကျဉ်ထားရန် အမေရိကန်အစိုးရကအရှိန်မြှင့်ကြိုးပမ်းနေစဉ်တွင် အသက် ၈၇ နှစ်အရွယ်ရှိပြီဖြစ်သော ပါလက်စတိုင်းခေါင်းဆောင်မှ အစ္စရေး၏မဟာမိတ်ဖြစ်သော အမေရိကန်ပြည်ထောင်စု အပေါ်သံသယဝင်သည့်ယခုကဲ့သို့စကားများကိုပြောကြားခဲ့ခြင်းဖြစ်သည်။

ပါလက်စတိုင်းပြည်သူများအပေါ်ရုရှား၏ ရပ်တည်ချက်နှင့်ပတ်သက်၍ အပြည့်အဝကျေနပ်မိကြောင်းလည်း Abbas ကပြောကြားခဲ့သည်။ “ရုရှားက တရားမျှတမှုနဲ့နိုင်ငံတကာဥပဒေတွေနဲ့ ရပ်တည်နေပြီး ဒါဟာကျွန်တော်တို့အတွက်လုံလောက်ပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

“နိုင်ငံတကာမှာတရားဝင်အောင် ရပ်တည်မယ်လို့သမ္မတပူတင်ဘက်ကပြောကြားမယ်ဆိုရင် ကျွန်တော်တို့အတွက်လုံလောက်ပါပြီ၊ကျွန်တော်လိုချင်တာလဲဒါပါပဲ၊ဒါကြောင့် ရုရှားရဲ့ရပ်တည်ချက်အတွက် ကျွန်တော်တို့ကျေနပ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here