မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မဲလ်ဘုန်းအပါအဝင် ဩစတြေးလျပြည်နယ်သုံးခု၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်

0
197

ဆစ်ဒ်နီ၊အောက်တိုဘာ ၁၄

ဩစတြေးလျနိုင်ငံအရှေ့တောင်ပိုင်းနှင့် မဲလ်ဘုန်းမြို့အနောက်ဘက်ရှိနေထိုင်သူအချို့အပါအဝင် ထောင်နှင့်ချီသောလူများအား မိုးအဆက်မပြတ်ရွာသွန်းပြီး နှစ်ရက်အကြာတွင် ရုတ်တရက်ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မြစ်ကမ်းပါးများပြိုကျခဲ့သဖြင့် အောက်တိုဘာလ ၁၄ ရက် သောကြာနေ့တွင် ၎င်းတို့၏နေအိမ်များမှ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခိုင်းခဲ့ကြောင်းသိရှိရသည်။

ဗစ်တိုးရီးယားပြည်နယ်တောင်ပိုင်း၊နူး‌ဆောက်‌ဝေးလ်နှင့် တက်စမေးနီးယားပြည်နယ်မြောက်ပိုင်းဒေသများတွင် ပြင်းထန်သောရာသီဥတုကြောင့် အချို့သောနေရာများသည် တစ်လကျော်မိုးရွာသွန်းခဲ့ကြောင်းတာဝန်ရှိသူများကပြောကြားခဲ့သည်။ “ဒီဖြစ်ရပ်ကြောင့် နေရာအနှံ့ရေကြီးရေလျှံမှုတွေ ဖြစ်စေခဲ့ပြီး၊တချို့မြစ်တွေမှာစံချိန်တင်ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့နေရပြီးဆက်လက်ရွေ့လျားပြီးပိုဆိုးလာနိုင်ပါတယ်” ဟုလည်း မိုးလေဝသဌာနမှ မိုးလေဝသခန့်မှန်းသူ ဒီးနာရာမိုးက အေဘီစီ သတင်းဌာနသို့ပြောကြားခဲ့သည်။

ဆိုရှယ်မီဒီယာပေါ်မှဗီဒီယိုများတွင် လူများသည် ၎င်းတို့၏အိမ်မွေးတိရစ္ဆာန်လေးများနှင့်အတူ ဒူးထိနက်သောရေကိုဖြတ်သန်းသွားလာနေကြသည်ကိုမြင်တွေ့ရပြီး အချို့ကိုမူလှေဖြင့်ကယ်ထားသည်ကိုတွေ့ရှိရသည်။မဲလ်ဘုန်းအနောက်ဘက်ရှိ မေရီ ဘနုက်ယာနွန် နှင့် မြောက်ဘက်ရှိ ဂူးလ်ဘန်း အပါအဝင် ဗစ်တိုးရီးယားရှိမြစ်အများအပြားသည် ကြီးမားသောရေလွှမ်းမိုးမှုအဆင့်သို့ ရောက်ရှိခဲ့ပြီးဒေသခံများသည် ညအချိန်ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်းသိရှိရသည်။

မဲလ်ဘုန်း၏မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာ ဆေမောရှိ ဂူလ်ဘန်မြစ်သည် ၁၉၇၄ ခုနှစ်မေလကရှိခဲ့သည့် စံချိန်တင် ၇ ဒသမ ၆၄ မီတာထက်ပင်မြင့်သွားသည်ဟု ဒေတာများအရသိရှိရသည်။မစ္စတာ အန်ဒရူးစ်၏ပြောကြားချက်အရ ဩစတြေးလျ၏ကွာရန်တင်းစင်တာများကို ပြီးခဲ့သည့်အပတ်ကပိတ်သိမ်းခဲ့ပြီး ယခုတစ်ပတ်တွင် ရေဘေးသင့်ပြည်သူများအတွက် ယာယီစခန်းအဖြစ်ပြန်လည်ဖွင့်လှစ်ရနိုင်သည်ဟုဆိုသည်။

နူးဆောက်ဝေးလ် တောင်ပိုင်းရှိလူရာပေါင်းများစွာသည် ယာယီစင်တာများတွင် တစ်ညလုံးနေနေကြရစဉ် တက်စမေးနီးယားတွင်မူ ရေလွှမ်းမိုးမှုပိုမိုပြင်းထန်လာခဲ့ပြီး ညတွင်းချင်းယာယီစင်တာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်ဟုသိရှိရသည်။

နှစ်ရှည်လများရွာသွန်းလေ့ရှိသည့် လာနီညာရာသီဥတုကြောင့် ဩစတြေးလျအရှေ့ဘက်ကမ်းရိုးတန်းသည် ယမန်နှစ်စောပိုင်းကတည်းက ရေလွှမ်းမိုးမှုများအကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here