ကာတာစော်ဘွားသည် မော်စကိုနှင့် ဒိုဟာကြား တင်းမာမှုများကို ပြေလည်စေရန် ပူတင်နှင့် တွေ့ဆုံခဲ့

0
216

ကာတာနိုင်ငံ၏ စော်ဘွား ရှိတ်ခ် တမင်း အယ်လ်တာနီ သည် ရုရှားသမ္မတ ပူတင်နှင့် ကြာသပတေးနေ့ (မနေ့)က ကာဇက်စတန်နိုင်ငံ၏ မြိုတော် အက်စတာနာ၌ ကျင်းပခဲ့သော ညီလာခံ အပြင်ဘက်တွင် တွေ့ဆုံခဲ့ပြီး မော်စကိုနှင့် ဒိုဟာကြားရှိ တင်းမာမှုများ ပြေလည်စေရန်အတွက် ဆွေးနွေးခဲ့ကြောင်း ထိုကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သူက စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။

အမေရိကနှင့် ဥရောပသမဂ္ဂတို့က အဆိုပါ တွေ့ဆုံပွဲ မကျင်းပမီ ထိုကိစ္စနှင့် ပတ်သက်၍ အကျဉ်းချုံး ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကာတာ စော်ဘွားနဲ့ သမ္မတ ပူတင်တို့ တွေ့ဆုံရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပွားပြီးတဲ့နောက် ကြီးထွားလာတဲ့ ရုရှားနဲ့ ကာတာကြားက တင်းမာမှုတွေကို ဖယ်ရှားဖို့ပါပဲ” လို့ သတင်းပေးသူက ဆိုသည်။

မကြာသေးမီ လများအတွင်း နှစ်နိုင်ငံကြား ဆက်ဆံရေးတွင် တင်းမာမှုများ ပေါ်ပေါက်လာခဲ့သည်။

တင်းမာမှုများမှာ ကာတာ စော်ဘွားက တနင်္လာနေ့တွင် ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် ဖုန်းပြောဆိုခဲ့ခြင်း၊ ကာတာသည် ယူကရိန်းအရေးအခင်းနှင့် ပတ်သက်၍ ရုရှားကို ဝေဖန်ခြင်းနှင့် ဧပြီလတွင် ဂျာမနီ၌ ကျင်းပခဲ့သည့် ၈ နိုင်ငံ နေတိုးအစည်းအဝေးတွင် ကာတာ တက်ရောက်ခဲ့ခြင်း စသည့် ဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် တိုးမြင့်လာခဲ့ကြောင်း သတင်းပေးသူက ပြောကြားခဲ့သည်။

ယိုယွင်းလာသော ဆက်ဆံရေးသည် ယခုအခါ ကာတာ၏ ဒေသတွင်း သံတမန်ရေး ကြိုးပမ်းမှုများကို ခက်ခဲရှုပ်ထွေးစေသည်ဟု ၎င်းက ဆိုသည်။

“စေ့စပ်ညှိနှိုင်းရေးနဲ့ သံတမန်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကာတာအနေနဲ့ ရုရှားအပါအဝင် အခြားသော ဒေသတွင်း နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအတွင်း ကာတာစော်ဘွားက ပူတင်အား ကာတာနှင့် ရုရှားကြားရှိ သမိုင်းဝင် ဆက်ဆံရေးကို နိုင်ငံရေးအဆင့်အထိ ခိုင်မာစေရန် အခွင့်အရေးရှိကြောင်းနှင့် စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုတွင်ပါ အလားအလာရှိကြောင်း ပြောကြားခဲ့သည်ဟု ကရင်မလင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source:CNN


LEAVE A REPLY

Please enter your comment!
Please enter your name here