တရုတ်နိုင်ငံ၏ကိုဗစ်ပပျောက်ရေးမူဝါဒသည် အသက်ကယ်နိုင်သော်လည်း အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် အဆင်မပြေဟုဆို

0
210

ပေကျင်း၊အောက်တိုဘာ ၁၄

တရုတ်နိုင်ငံတွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ ယင်းမူဝါဒသည် အသက်များကိုကယ်တင်နိုင်သော်လည်း အသက်မွေးဝမ်းကြောင်းအတွက်မူအဆင်မပြေဘဲတရုတ်နိုင်ငံ၏ တင်းကျပ်သော ကိုဗစ်ကန့်သတ်ချက်များက စီးပွားရေးလုပ်ငန်းများနှင့်အလုပ်အကိုင်ရှာဖွေသူများအတွက် ထိခိုက်နစ်နာစေကြောင်းသိရှိရသည်။

တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မှစ၍ လူဦးရေ ၁ ဒသမ ၄ ဘီလီယံအနက် လူပေါင်း ၅,၂၂၆ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားပြီး ဆန့်ကျင်ဘက်အနေဖြင့် အမေရိကတွင်မူ သေဆုံးသူတစ်သန်းကျော်ခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိ ပေကျင်းနေထိုင်သူ မစ္စတာ Cai Xu သည် ပေကျင်းနှင့်ချန်ဒေါင်းရှိ ၎င်း၏ဘားငါးခုအနက် လေးခုကိုကိုဗစ်ကာလသုံးနှစ်အတွင်း ပိတ်ပစ်ခဲ့ရသည်။ကိုဗစ်အစပိုင်းက မူဝါဒများကိုလိုက်နာရန်ကြိုးပမ်းနေစဉ် ယင်းတို့ကိုယာယီပိတ်ထားလိုက်ရသည်။သို့သော် ယခုနောက်ပိုင်းတွင်မူ ကိုဗစ်ကန့်သတ်ချက်များကြောင့် ဧည့်သည်များသည် ဆိုင်ထိုင်လေ့အကျင့်သိပ်မရှိတော့ပဲ လုံးဝစွန့်လွှတ်လိုက်ရမည်အနေအထားဖြစ်နေသည်။

“ကိုဗစ်ကပ်ရောဂါစဖြစ်ကတည်းက ကျွန်တော်စိတ်တွေပူပြီးပျာသွားတယ်၊ဘာလုပ်လို့ဘာကိုင်ရမယ်မသိပဲ လမ်းပျောက်လာတယ်၊အဲ့ဒီနောက်တော့ တင်းကျပ်တဲ့စည်းမျဉ်းတွေ ဆက်တိုက်ဆိုသလိုဖြစ်လာပြီး ကျွန်တော့်ဘားတွေလည်း တစ်ခုပြီးတစ်ခုပိတ်လိုက်ရပါတယ်” ဟု ၂၀၁၆ ခုနှစ်တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုတွင် ဗိသုကာပညာရှင်အဖြစ်လုပ်ကိုင်နေရာမှ ကိုယ်ပိုင်လုပ်ငန်းလုပ်ရန် အလုပ်ထွက်ခဲ့သူ မစ္စတာ Cai ကပြောကြားခဲ့သည်။

ဇန်နဝါရီလမှမတ်လအတွင်း တရုတ်နိုင်ငံ၏စီးပွားရေး ဦးမော့ရန်အရှိန်ယူနေဆဲမှာပင် အာဏာပိုင်များသည် အလွန်ကူးစက်လွယ်သော အိုမီခရွန်မျိုးကွဲနှင့် ရင်ဆိုင်ရပြန်သောကြောင့် ပြန်လည်အေးခဲသွားပြန်သည်။ဧပြီလတွင် မြို့ပြအလုပ်လက်မဲ့နှုန်းသည် ၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ဖေဖော်ဝါရီနောက်ပိုင်းတွင် အမြင့်ဆုံးပမာဏဖြစ်သည်။ဇူလိုင်လတွင် အသက် ၁၆ နှစ်မှ ၂၄ နှစ်အကြား အလုပ်လက်မဲ့နှုန်းသည် ၁၉ ဒသမ ၉ ရာခိုင်နှုန်းအထိ စံချိန်တင်ရောက်ရှိခဲ့သည်။

အသက် ၃၀ နှစ်အရွယ်ရှိ မစ္စ Zheng Mili သည် ဇူလိုင်လကတည်းက ရာနှင့်ချီသောအလုပ်လျှောက်လွှာများကို တင်သွင်းခဲ့ပြီး အင်တာဗျူးပေါင်းဆယ်ချီဖြေဆိုခဲ့သော်လည်း အလားအလာရှိသည့်ရာထူးများသည် ယခင်ကသူမ ရရှိခဲ့ဖူးသည့် ပမာဏ၏တစ်ဝက်လောက်ကိုသာပေးနိုင်ကြသည်။

“ကုမ္ပဏီတစ်ခုက ကျွန်မကိုအင်တာဗျူးလာဖြေဖို့ခေါ်ပါတယ်၊ပြီးတော့ကျွန်မနည်းတူ လျှောက်လွှာတင်သူပေါင်း တစ်ရက်တည်းမှာပဲ ထောင်ချီရှိတယ်လို့လဲ ကုမ္ပဏီကကျွန်မကိုပြောပါတယ်” ဟု ၎င်းကရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။

“တစ်ရက်တည်းမှာပဲ တစ်လကို ယွမ် ၁၀,၀၀၀ (ကန်ဒေါ်လာ ၁၃၉၀) လောက်ရတဲ့အလုပ်တစ်ခုကို လူထောင်ပေါင်းများစွာကလျှောက်ထားခဲ့တယ်” ဟု သူမကအံ့အားတကြီးပြောပြခဲ့သည်။

“အခုဆိုရင်အလုပ်အကိုင်ဈေးကွက်က အင်မတန်ခက်ခဲနေပါတယ်” ဟုလည်းဖော်ပြထားသည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here