ကမ္ဘောဒီးယားမဲခေါင်မြစ်အတွင်းကူးတို့လှေနစ်မြုပ်မှုကြောင့် ကလေးငယ် ၁၄ ဦးထက်မနည်းသေဆုံး

0
298

ဖနွမ်းပင်၊အောက်တိုဘာ ၁၄

ကမ္ဘောဒီးယားနိုင်ငံမဲခေါင်မြစ်အတွင်း ကျောင်းမှအိမ်သို့အပြန် ကလေးများတင်ဆောင်လာသောတန်ပိုကူးတို့ကြောင့် ကလေးငယ် ၁၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၁၄ ရက် သောကြာနေ့ကပြောကြားခဲ့သည်။

မြို့တော်ဖနွမ်းပင်၏အရှေ့တောင်ဘက် ၅၃ ကီလိုမီတာအကွာ၌ ကြာသပတေးနေ့ကဖြစ်ပွားခဲ့သောဖြစ်ရပ်အပြီးတွင် ပျောက်ဆုံးနေသောအခြားကျောင်းသားတစ်ဦးကိုလည်း ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေနေကြောင်းပြည်နယ်ရဲချုပ် Chhoeun Sochet က ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။ဖြစ်စဉ်တွင်ပါဝင်သည့်ကလေးငယ်များသည် အသက် ၁၁ နှစ် ၁၄ နှစ်အရွယ်များဖြစ်ကြသည်။

“ဒီကိစ္စကလှေပိုင်ရှင်ပေါ့ဆလို့ဖြစ်ရတာပါ၊သူကသတ်မှတ်ဝန်ထက်လည်းပိုတင်ထားတယ်၊အကာအကွယ်အတွက် အသက်ကယ်အင်္ကျီဘာညာလည်းမပါတာကြောင့်ဖြစ်ရတာပါ” ဟု ၎င်းကဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။ကျောင်းသားနှစ်ဦးနှင့် လူငယ်လှေသမားနှစ်ဦးအသက်ရှင်လွတ်မြောက်ခဲ့သည်ဟုလည်း အေအက်ဖ်ပီသတင်းအရ သိရှိရသည်။

ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း ယခုဖြစ်ရပ်နှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်မိကြောင်း ဆိုရှယ်မီဒီယာ၌ ပြောကြားခဲ့ပြီး သေဆုံးသူများ၏မိသားစုများအားကူညီရန်လည်း အာဏာပိုင်များကိုညွှန်ကြားထားကြောင်းသိရှိရသည်။

“မြစ်ကြောင်းတစ်လျှောက်နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့အခါ အထူးသတိထားဖို့လိုအပ်ပါတယ်” ဟုလည်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ကမ္ဘောဒီးယားလူမျိုးသန်းပေါင်းများစွာသည် အရှေ့တောင်အာရှ (၅) နိုင်ငနှင့် တရုတ်နိုင်ငံတို့ကိုဖြတ်သန်းစီးဆင်းနေသည့် အဓိကရေလမ်းကြောင်းဖြစ်သည့် မဲခေါင်မြစ်အနီးတွင်နေထိုင်လုပ်ကိုင်လျက်ရှိသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here