အင်ဒိုနီးရှား ဘောလုံးကွင်းအတွင်း လူအုပ်ပိသေဆုံးရခြင်း၏ အဓိကအကြောင်း ရင်းမှာ ရဲတပ်ဖွဲ့၏ မျက်ရည်ယိုဗုံးကြောင့်ဟု စုံစမ်းရေးအဖွဲ့ပြော

0
252

ဂျကာတာ၊ အောက်တိုဘာ ၁၅

အင်ဒိုနီးရှားရှိ ဘောလုံးကွင်း လူအုပ်ပိ သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် တာဝန်ပေးခံထားရသည့် ဖြစ်ရပ်မှန် စုံစမ်းဖေါ်ထုတ်ရေးအဖွဲ့က အားကစားကွင်းအတွင်း လူသေဆုံးမှု ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ မျက်ရည်ယိုဗုံးကြောင့်ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်ဟု နိုင်ငံ့ လုံခြုံရေးဝန်ကြီးက အောက်တိုဘာလ ၁၄ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။

အစိုးရအရာရှိများ၊ ဘောလုံးနှင့် လုံခြုံရေး ကျွမ်းကျင်သူများ ပါဝင်သော အဆိုပါအဖွဲ့သည် အောက်တိုဘာလ ၁ ရက်နေ့ အရှေ့ဂျာဗားရှိ Kanjuruhan ဘောလုံးကွင်း၌ ယှဉ်ပြိုင်မှုများအပြီး ဖြစ်ပွားခဲ့သည့် လူအုပ်ပိ ဖြစ်ရပ်အတွင်း လူပေါင်း ၁၃၀ ကျော် မည်သို့ သေဆုံးခဲ့သည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့သည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Mahfud MD က အသုံးပြုခဲ့သော မျက်ရည်ယိုဓာတ်ငွေ့၏ အဆိပ်အာနိသင်ကို စုံစမ်းစစ်ဆေးရန် သီးခြားအဖွဲ့တစ်ခု ဖွဲ့စည်းထားကြောင်း၊ သို့ရာတွင် မည်သည့် ရလဒ်ထွက်ပေါ်စေကာမူ လူအမြောက်အများ သေဆုံးရခြင်း၏ အဓိကတရားခံမှာ မျက်ရည်ယိုဗုံးကြောင့် ဖြစ်သည်ဟူသော အချက်ကို ပြောင်းလဲစေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှား အာဏာပိုင်များနှင့် အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် (PSSI) တို့သည် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာက တားမြစ်ထားသော မျက်ရည်ယိုဗုံးများကို ဘောလုံးကွင်းအတွင်း ရဲတပ်ဖွဲ့က အဘယ်ကြောင့် အသုံးပြုခဲ့သည်နှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများ၊ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ဘောလုံးပွဲများတွင် မျက်ရည်ယိုဗုံးများ တားမြစ်ထားသည်နှင့် ပတ်သက်၍ တာဝန်ကျရဲဝန်ထမ်းများက မသိရှိခဲ့ကြောင်း စုံစမ်းဖော်ထုတ်ရေးအဖွဲ့က တွေ့ရှိခဲ့သည်။

ရဲအရာရှိများသည် မျက်ရည်ယိုဗုံးများကို လက်လွတ်စပယ် ပစ်ခတ်ခဲ့ပြီး အလွန်အကျွံ အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့သည် ယင်းဖြစ်ရပ်နှင့် ပတ်သက်နေသည့် အရာရှိ ဒါဇင်ပေါင်းများစွာကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

စုံစမ်းစစ်ဆေးသူများက PSSI သည် စည်းမျဉ်းများကို လျစ်လျူရှုကာ ပေါ့ဆခဲ့ခြင်းဖြစ်ကြောင်း ကောက်ချက်ချခဲ့ပြီး ၎င်း၏ ဥက္ကဋ္ဌနှင့် အမှုဆောင်ကော်မတီကိုလည်း ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here