ဗန်ဂိုး၏ နေကြာပန်းများပန်းချီကားကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားသူများက ခရမ်းချဉ်သီးဟင်းရည်ဖြင့်ပက်

0
431

လန်ဒန်မြို့ရှိ အမျိုးသားပြခန်းတွင်ပြသထားသည့် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး၏ နေကြာပန်းများပန်းချီကားကို သောကြာနေ့ (အောက်တိုဘာ ၁၄ ရက်) တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှား ဆန္ဒဖော်ထုတ်သူနှစ်ဦးက ခရမ်းချဉ်သီးဟင်းရည်ဖြင့် ပက်ခဲ့ကြသည်။

ပန်းချီကားမှာမူ အထူးစီစဉ်ထားသော မှန်ပြားဖြင့်အုပ်ထားခြင်းကြောင့်  ပန်းချီကားကို ထိခိုက်မှုမရှိသော်လည်း ပန်းချီကားဘောင်ကိုမူအနည်းငယ်ပျက်စီးစေခဲ့ကြောင်း ပြခန်းတာဝန်ရှိသူက ဆိုသည်။

အဆိုပါ ဆန္ဒဖော်ထုတ်သူများအဖွဲ့ ဖြစ်သော Just Stop Oil အဖွဲ့သည် ရုပ်ကြွင်းလောင်စာများ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ဗြိတိန်အစိုးရက ခွင့်ပြုထားခြင်းကို အဆုံးသတ်ရန် ရည်ရွယ်ပြီး ထင်ရှားသော ဆန္ဒပြပွဲများ ဆက်တိုက် ပြုလုပ်ခဲ့ကြသည်။

ယခုအခါ ဗြိတိန်အပါအဝင် ဥရောပနိုင်ငံများတွင် ဂက်စ်နှင့် လောင်စာဆီမလုံလောက်မှုကြောင့် ယခုဆောင်းတွင်းတွင် အအေးဒဏ်ကို ရင်ဆိုင်ရတော့မည်ဖြစ်ပြီး၊ လောင်စာဆီကိုလည်း အလှည့်ကျစနစ်ဖြင့်ပေးဝေနေရပြီဖြစ်ကာ၊ အကြမ်းဖျဉ်းအားဖြင့် ကန်ဒေါ်လာ ၈၄ ဒသမ ၂ သန်းခန့်တန်ဖိုးရှိသော နေကြာပန်းများ ပန်းချီကား၏ တန်ဖိုးသည် ယခုလိုအပ်နေသော လောင်စာဆီနှင့် ရိက္ခာများ အနွေးဓာတ်များထက် ပိုမိုတန်ဖိုးကြီးနေသည်ဟု ဆန္ဒဖော်ထုတ်သူတို့ကဆိုကြသည်။

ထို့ကြောင့်ပင် ပန်းချီကားအား ခရမ်းချဉ်သီးဟင်းရည်ဖြင့် ပက်လိုက်ပြီးနောက် ပန်းချီကားရှေ့တွင် ဒူးထောက်ကာ တက်ကြွလှုပ်ရှားသူ တစ်ယောက်က “ဘာက ပိုတန်ဖိုးရှိလဲ၊ အနုပညာလား၊ အသက်လား” ဟု အော်ဟစ်ခဲ့သည်။ အခြားတစ်ယောက်ကလည်း “ငါတို့ကမ္ဘာနဲ့ လူတွေကို အကာအကွယ်ပေးဖို့ထက် ပန်းချီကားတစ်ချပ်ကို အကာအကွယ်ပေးဖို့ ပိုစိုးရိမ်နေသလား”ဟု မေးခွန်းထုတ်ခဲ့သေးသည်။

“အနုပညာထက် လူသားတို့၏ ဘဝကိုရွေးချယ်ပါ”ဟုလည်း သူတို့၏ တွစ်တာအကောင့်တွင် ရေးသားခဲ့သေးသည်။

“လူသားတို့၏ ဖန်တီးနိုင်စွမ်းနှင့် ထက်မြက်မှုတို့ကို ဤပြခန်းတွင် ပြသနေသော်လည်း ရာသီဥတုနှင့် လူနေမှုစရိတ်အကျပ်အတည်းကို ဆောင်ရွက်ရန် အစိုးရ၏ ပျက်ကွက်မှုကြောင့် ကျွန်ုပ်တို့၏အမွေအနှစ်များမှာ ဖျက်ဆီးခံနေရသည်” ဟုလည်း အဆိုပါအဖွဲ့မှ ပြောကြားခဲ့သည်။

သို့ရာတွင် ပန်းချီကားကို ပျက်စီးစေမှုဖြင့်လည်းကောင်း၊ ပိုင်နက်ကျူးလွန်မှုဖြင့်လည်းကောင်း ယင်းအဖွဲ့မှ ဆန္ဒပြသူနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here