ပြင်သစ် TotalEnergies ၏ရေနံချက်စက်ရုံနှင့်လောင်စာသိုလှောင်ရုံများတွင် ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားနေ

0
191

ပါရီ၊အောက်တိုဘာ ၁၅

ပြင်သစ်ရေနံချက်စက်ရုံနှင့်လောင်စာဆီအရောင်းဌာနမှလုပ်သားများသည် ရေနံကုမ္ပဏီကြီးတစ်ခုဖြစ်သည့် TotalEnergies မှပိုင်ဆိုင်သည့် လုပ်ငန်းခွင်နေရာငါးခု၌ အောက်တိုဘာ ၁၅ ရက် စနေနေ့တွင်ဆက်လက်သပိတ်မှောက်သွားမည်ဟုဆိုခဲ့သဖြင့် လာမည့်သီတင်းပတ်အစောပိုင်းတွင်ပြုလုပ်မည့် ပိုမိုကြီးမားသောဆန္ဒပြပွဲများမတိုင်မီ လောင်စာဆီထောက်ပံ့မှုအပေါ်စိုးရိမ်မှုများလည်းတိုးလာခဲ့သည်။

ဟိုက်ဒရိုကာဗွန်စက်မှုလုပ်ငန်းခေါင်းဆောင်ထံမှ လစာပေးချေရန်ကမ်းလှမ်းမှုကို ဆန္ဒပြသူများကပယ်ချပြီးနောက် ပြင်သစ်၏ရေနံချက်စက်ရုံခုနစ်ခုမှလေးခုနှင့်လောင်စာဆီဆိုင်တစ်ခုတို့လည်း လုပ်ငန်းရပ်တန့်ခဲ့ရသည်။

Esso ExxonMobil ၏ ရေနံချက်စက်ရုံနှစ်ခုမှ အလုပ်သမားများကမူ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ပြီးနောက် လုပ်ငန်းများပြန်လည်စတင်နိုင်ခဲ့သည်။အဆိုပါဆန္ဒထုတ်ဖော်မှုများကြောင့် ဓာတ်ဆီဆိုင်များအပြင်ဘက်၌ ဆီဝယ်ယူရန်တန်းစီနေရပြီး ရွေ့လျားကျန်းမာရေးဝန်ထမ်းများမှ အစပြု၍ လယ်သမားများထိတိုင် စီးပွားရေးကဏ္ဍအားလုံးတွင် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေခဲ့သည်။

သမ္မတအီမန်နူရယ်မက်ခရွန်၏အစိုးရသည် ယခုသီတင်းပတ်အတွင်း လောင်စာဆီဆိုင်များကိုပြန်ဖွင့်ရန် သပိတ်မှောက်သူများကိုညွှန်ကြားခဲ့သဖြင့် ဦးဆောင်သူသမဂ္ဂများနှင့်တင်းမာမှုများဖြစ်ပေါ်ခဲ့သောကြောင့် တရားရုံးများကဝင်ရောက်ထိန်းသိမ်းခဲ့သည်။

လွန်ခဲ့သည့်သုံးပတ်က စတင်သပိတ်မှောက်ခဲ့သည့် CGT သမဂ္ဂက လည်း TotalEnergies ဆိုက်သုံးခုမှအလုပ်သမားများသည် ၎င်းတို့၏သပိတ်ကိုသက်တမ်းတိုးရန်ဆုံးဖြတ်ခဲ့သည်ဟုလည်း စနေနေ့ကပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံအနောက်မြောက်ပိုင်း Le Havre အနီးရှိ နိုင်ငံ၏အကြီးဆုံးရေနံချက်စက်ရုံအပါအဝင် အခြားစက်ရုံနှစ်ခုမှ အလုပ်သမားများသည်လည်း ၎င်းတို့၏ဆန္ဒပြမှုကိုသက်တမ်းတိုးရန်ဆုံးဖြတ်ထားပြီးဖြစ်သည်။

TotalEnergies ကမူ သမဂ္ဂနှစ်ခုနှင့်လစာကိစ္စနှင့်ပတ်သက်၍ အများစုသဘောတူညီချက်ပြုလုပ်ခဲ့ပြီးနောက် ၎င်း၏အလုပ်သမားများအား လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် စနေနေ့ကတိုက်တွန်းခဲ့သည်။Esso – ExxonMobil ကမူ ၎င်းတို့အနေဖြင့် ၎င်းတို့၏ရေနံချက်စက်ရုံများတွင် ထုတ်လုပ်မှုပြန်လည်စတင်နိုင်ရန် နှစ်ပတ်မှသုံးပတ်ခန့်အထိ အချိန်ယူရမည်ဖြစ်ကြောင်းဆိုခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here