“စိတ်ဓာတ်၊စည်းကမ်းနဲ့အားထည့်ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ပေါင်းစပ်လိုက်ရင် စုစည်းညီညွတ်တဲ့ အားကိုရရှိမှာဖြစ်ပြီး လုပ်ငန်းတွေအောင်မြင်မှာပါ”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

0
239

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၁၆ ရက်(ယနေ့)နေ့လည်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊မော်လမြိုင်တပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

“တပ်မတော်ရဲ့ အဓိကတာဝန်က နိုင်ငံတော် ကာကွယ်ဖို့ဖြစ်ပါတယ် တပ်ရင်းတပ်ဖွဲ့တိုင်းအနေနဲ့ မိမိတို့ရဲ့တာဝန်တွေကို မှန်မှန်ကန်ကန်ထမ်းဆောင်နေခြင်းဟာ နိုင်ငံတော်ကာကွယ်ရေးတာ ဝန်တွေကို ထမ်းဆောင်နေခြင်းပဲဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိတို့၏ တာဝန်များအား ကျေပွန်စွာထမ်းဆောင်ပြီး စည်းကမ်းစနစ်တကျရှိနေရမည်ဖြစ်ကာ စွမ်းရည်သုံးရပ် ထက်မြက်ရန် စဉ်ဆက်မပြတ်လေ့ကျင့်နေကြရမည်ဖြစ်ကာ အခြေခံစစ်ပညာမှစ၍ တာဝန်ထမ်းဆောင်ချိန်ကာလတစ်လျှောက်လုံး အဆင့်နှင့်လျော်ညီသည့် အသိပညာ၊အတတ်ပညာများရရှိရန် သင်တန်းကျောင်းများမှ အမြဲမပြတ် လေ့ကျင့်ပေးလျက်ရှိသည်ဟု ဆိုသည်။

မိမိတို့တစ်ဦးတစ်ယောက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား အောင်မြင်အောင် ဆောင်ရွက်ပါက ထူးချွန်သည့်တပ်ဖွဲ့များဖြစ်လာမည်ဖြစ်ကာ စွမ်းရည်သုံးရပ်ပြည့်စုံသည့် တပ်မတော်ဖြစ်လာမည်ဟု ပြောသည်။

“ဘယ်အလုပ်ကိုမဆို အာရုံစိုက်ပြီး ခွန်အားစိုက် ထုတ်ပြီးလုပ်မယ်ဆိုရင် အောင်မြင်မှုရမှာပါ အားပြည့်အင်ပြည့်နဲ့ အားထည့်ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူဆောင်ရွက်ကြဖို့လိုပါတယ် စိတ်ဓာတ်စည်းကမ်းနဲ့အားထည့်ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ပေါင်းစပ်လိုက်ရင် စုစည်းညီညွတ်တဲ့ အားကိုရရှိမှာဖြစ်ပြီး လုပ်ငန်းတွေအောင်မြင်မှာပါ”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

စုစည်းသည့်အင်အားဖြင့် ဆောင်ရွက်ပါက အောင်မြင်မှုရရှိနိုင်မည်ဖြစ်၍ တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရမည်ဖြစ်ကာ တပ်တွင်းစည်းလုံးညီညွတ်မှုအားဖြင့် ဆောင်ရွက်ပါက ပိုမိုအောင်မြင်မည်ဟု မှာကြားခဲ့သည်။

“တစ်ဦးချင်းအားထည့်ဆောင်ရွက်တာထက် စုစည်းညီညွတ်တဲ့အားနဲ့ ဆောင်ရွက်ခြင်းဟာ တပ်တွင်းစည်းလုံးညီညွတ်မှုကို ပိုမိုအောင်မြင်စေမှာပါ”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြော သည်။

စစ်စည်းကမ်းများကို အလေးထားလိုက်နာပါက တပ်တွင်းစည်းလုံးညီညွတ်မှုရရှိမည်ဖြစ်ကာ လုပ် ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်ဖြစ်ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးသည် တပ်မတော်အတွက်အရေးကြီးပြီး တပ်ဖွဲ့များအ ချင်းချင်းစည်းလုံးညီညွတ်မှုရှိပါက တပ်မတော်ကို မည်သူမျှဖြိုခွဲ၍ ရမည်မဟုတ်ဟု ပြောသည်။

“ခေါင်းဆောင်မှုမှန်ကန်ပြီး တပ်မတော်တွင်း စည်း လုံးညီညွတ်မှုရှိနေတဲ့ ကာလတစ်လျှောက်လုံး တိုင်းပြည်ကို ဖြိုခွဲလို့ရနိုင်မှာ မဟုတ်ပါဘူး”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများတွင် တပ်မတော်၏ စုစည်းညီညွတ်သည့်အားကိုအသုံးပြုတည်ဆောက်ရန်လိုကာ စုစည်းညီညွတ်စွာနေထိုင်ခြင်းဖြင့် လုံခြုံမှုအပြည့်အဝရရှိပြီး စီးပွား တိုးတက်မှုကိုလည်း ဖြစ်ပေါ်စေမည်ဟု ပြောသည်။

တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ဆောင်ရွက်ခဲ့၍ ယခု အခြေအနေမျိုးတွင် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းဖြစ်ကာ တပ်မတော်သားအားလုံးနှင့်တပ်မိသားစုဝင်များအားလုံး၏ စုစည်းညီညွတ်သည့်အားဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here