ဂျိုးဘိုင်ဒင်သည် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးတွင် ဆော်ဒီအိမ်ရှေ့စံနှင့် တွေ့ဆုံသွားမည် မဟုတ်

0
317

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် လာမည့်လ၌အင်ဒိုနီးရှားတွင် ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးတွင် ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင် ဆယ်လ်မန်နှင့် တွေ့ဆုံသွားမည် မဟုတ်ကြောင်း အမေရိကန် အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် ရေနံထုတ်နှုန်း ဖြတ်တောက်မှုနှင့် ပတ်သက်၍ ဆော်ဒီအာရေးဗျကို မည်သို့တုံ့ပြန်မည်ကို ဆုံးဖြတ်ရာတွင် နည်းစနစ်တကျ လုပ်ဆောင်သွားမည်ဖြစ်ပြီး ထို့ထဲတွင် ဆော်ဒီသို့ ပေးထားသော အမေရိက၏ လုံခြုံရေးဆိုင်ရာ အကူအညီ ပြောင်းလဲမှုများလည်း ပါဝင်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလဗန်က အောက်တိုဘာလ ၁၆ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဆူလဗန်က ဘိုင်ဒင်သည် ဆော်ဒီအရေးနှင့် ပတ်သက်၍ ပြန်လည် ချင့်ချိန်နေသည့်အတွက် အမေရိကနှင့် ဆော်ဒီ ဆက်ဆံရေးတွင် အပြောင်းအလဲများ ရှိလာမည် မဟုတ်သေးကြောင်း စီအင်န်အင်န် သတင်းဌာနသို့ ပြောကြားခဲ့သည်။

“သမ္မတဟာ အလျင်စလို ဆောင်ရွက်သွားမှာ မဟုတ်ပါဘူး။ သူဟာ နည်းလမ်းတကျ၊ ဗျူဟာတကျ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ပါတီနှစ်ရပ်လုံးရဲ့ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ပါ အချိန်ယူသွားမှာပါ။” ၎င်းကဆိုသည်။

အမေရိကနှင့် ဆော်ဒီအာရေးဗျ ကြားရှိ ဆက်ဆံရေးမှာ ရေနံထုတ်နှုန်း လျော့ချလိုက်သည်နှင့် ပတ်သက်၍ တင်းမာလာခဲ့သည်။ ပြီးခဲ့သည့် အပတ်က ရီယာ့ဒ် ဦးဆောင်သော အိုပက် အဖွဲ့နှင့် ရုရှားဦးဆောင်သော အခြားရေနံထုတ်လုပ်သူ ၁၀ နိုင်ငံအဖွဲ့တို့သည် နိုဝင်ဘာလမှစတင်၍ ကမ္ဘာ့ရေနံထုတ်လုပ်မှုကို တစ်နေ့လျှင် စည်ပိုင်း နှစ်သန်းအထိ လျှော့ချရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုဆုံးဖြတ်ချက်ကြောင့် ဆီဈေးနှုန်းများ မြင့်တက်လာမည်ဟု ခန့်မှန်ထားပြီး ယူကရိန်းရှိ ရုရှားထိုးစစ်အတွက် အကူအညီဖြစ်စေမည် ဖြစ်သည်။

ဆော်ဒီ အာရေးဗျ ကာကွယ်ရေးဝန်ကြီးက ၎င်း၏ တိုင်းပြည်သည် ယူကရိန်း အရေးအခင်းအတွင်း ရုရှားနှင့်အတူ ရပ်တည်နေသည်ဟူသော စွပ်စွဲချက်များကြောင့် အလွန်အမင်း အံ့ဩမိသည်ဟု ဆိုသည်။

မင်းသား ခါလိဒ် ဘင် ဆယ်လ်မန်က အိုပက်+၏ ဆုံးဖြတ်ချက်မှာ စီးပွားရေးနှင့်သာ သက်ဆိုင်ပြီး အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here