မတူပီမြို့နယ် ပညာရေးမှူး ဦးတင်လွေး နေအိမ်၌ပင် ပစ်သတ်ခံရ၍ သေဆုံး

0
436

ချင်းပြည်နယ်၊ မတူပီမြို့နယ် ပညာရေးမှူး ဦးတင်လွေးမှာ ယမန်နေ့ ညပိုင်းက နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာလ (၁၆) ရက် ည (၈) နာရီဝန်းကျင်က ၎င်း ၏ နေအိမ်သို့ အမည်မသိ သေနတ်သမားများ ရောက်လာကာ ပစ်ခတ်ခဲ့ခြင်းကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့‌ခြင်းဖြစ်ကြောင်း နီးစပ်သူ တစ်ဦး၏ ပြောပြချက် သိရသည်။

” ညက (၈) နာရီလောက်မှာ လာပစ်သတ်သွားတာ။ ဆရာ ကြီးက အေးအေးဆေးဆေးသမားပါ။ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စ။ ဒေသအတွက် ဆုံးရှုံးမှုကြီးပါပဲ” ဟု ၎င်းက ပြောသည်။

မြို့နယ်မတူပီ ပညာရေးမှူး ဦးတင်လွေးသည် လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ရုံးလုပ်ငန်းများကို ၎င်း၏ နေအိမ်မှ ဆောင်ရွက်နေသူဖြစ်ကြောင်းလည်း သိရသည်။

ဦးတင်လွေး သေဆုံးမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို အသေးစိတ်မသိရှိရသေးကြောင်း နီးစပ်သူများထံက သိရသည်။

၎င်းသည် ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေးကိစ္စရပ်များကို ကြိုးပမ်း လုပ်ကိုင်နေသူဖြစ်သည့်အတွက် လူချစ်လူခင် ပေါများသူ ဖြစ်ပြီး CDM မလုပ်ဘဲ တာဝန် ဆက်လက်ထမ်းဆောင်နေမှုကို မလိုလားသူများလည်း ရှိကြောင်း သိရသည်။

၎င်းသည် မတူပီ မြို့နယ် ပညာရေးမှူးရုံးတွင် ဗုံးပေါက်ကွဲပြီးနောက်ပိုင်း လုပ်ငန်းတာဝန်များကို နေအိမ်၌သာ ဆက် လက်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဦးတင်လွေး ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ချင်းလူထုအ ကြား ပြစ်တင် ဝေဖန်မှုများရှိနေပြီး ၎င်း CDM မပြုလုပ်သည့်အပေါ် လည်း ပြစ်တင်ပြောဆိုမှုများလည်း ရှိနေသ ည်။

မတူပီမြို့နယ် ပညာရေးမှူး ဦးတင်လွေး၏ သားနှင့် သမီးမှာ CDM ဝန်ထမ်းများ ဖြစ်ပြီး အငယ်ဆုံးသားဖြစ်သူမှာ PDF အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း ဆွေးမျိုးနီးစပ်တော်စပ်သူ မိသားစုဝင် တစ်ဦးထံမှ သိရသည်။

ကျွန်တော်လည်း သူ့ကိုအတန်တန် သတိပေးတယ်။ သူက “ငါ့မှာရန်သူ မရှိဘူး။ လူမျိုးအတွက် လုပ်နေတာပါ။ ငါ့သားနဲ့ သမီးက CDM၊ အငယ်ဆုံးက PDF မှာတဲ့။ ဒါကြောင့် PDF များကလည်း နားလည်ပေးကြမှာပါ။ ငါက ဒလန်လည်းမဟုတ်ပါ။ အသက်ကြီးပြီမို့ လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေမှာ မဟုတ်တော့လို့ပါ”ဦးတင်လွေးကပြောဆိုခဲ့ကြောင်း ဆွေမျိုးနီးစပ်တော်သူက ၎င်း၏လူမှုကွန်ရက်စာမျက်နှာက တဆင့်ပြောခဲ့​သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here