တရုတ်သမ္မတရှီက သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပြီး စိမ်းလန်းသောလူနေမှုပုံစံများသို့ ပြောင်းလဲမည်ဟု ကတိပြု

0
158

ပေကျင်း၊အောက်တိုဘာ ၁၇

တရုတ်သမ္မရှီကျင့်ဖျင်က သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် စိမ်းလန်းသောလူနေမှုပုံစံသို့ ပြောငိးလဲရေးကို ဦးစားပေးမည်ဖြစ်ကြောင်းနှင့် သဘာဝထိန်းသိမ်းရေးသည် ခေတ်မီဆိုရှယ်လစ်နိုင်ငံတည်ဆောက်ရေးတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းအောက်တိုဘာလ ၁၆ ရက်နေ့ကပြောကြားခဲ့သည်။

အာဏာရ ကွန်မြူနစ်ပါတီကွန်ဂရက်အဖွင့်မိန့်ခွန်းတွင် တရုတ်နိုင်ငံသည် ပြီးခဲ့သည်ဆယ်နှစ်အတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် တိုးတက်မှုရှိကြောင်း ပြောကြားခဲ့ပြီး မြေဆီလွှာညစ်ညမ်းမှုကိုထိန်းချုပ်ထားသကဲ့သို့ လေထုနှင့်ရေထုညစ်ညမ်းမှုကိုလည်း ဖယ်ရှားပစ်ရန်ကတိပြုခဲ့သည်။

“ဂေဟဗေဒနဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဟာ သမိုင်းဝင်အသွင်ကူးပြောင်းမှုကြောင့် ကျယ်ပြန့်တဲ့အပြောင်းအလဲကိုတွေ့ခဲ့ရပြီး ကျွန်တော်တို့အမိမြေရဲ့ကောင်းကင်ဟာ ပိုပြာလဲ့၊တောင်တွေကပိုစိမ်းလန်းပြီး ရေကပိုကြည်လင်လာပါတယ်” ဟု သမ္မတရှီကတက်ရောက်သူကိုယ်စားလှယ် နှစ်ထောင့်သုံးရာကျော်အားပြောကြားခဲ့သည်။

ဆယ်စုနှစ်များစွာ အပျက်အစီးများခဲ့သော စီးပွားရေးကြောင့်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထိန်းသိမ်းပြုခြင်းသည် ရှီ၏အာဏာရဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံ၏အဓိကမူဝါဒရည်မှန်းချက်များထဲမှတစ်ခုဖြစ်သည်။

လေထုညစ်ညမ်းမှုကိုဖြေရှင်းရန်ပျက်ကွက်ခြင်းသည် ကွန်မြူနစ်ပါတီအုပ်ချုပ်မှုကို နှောင့်ယှက်ဖျက်ဆီးလိုသူအင်အားစုများအတွက် အကြောင်းပြချက်ကောင်းတစ်ခုဖြစ်သွားနိုင်သည်ဟုလည်း ၂၀၁၈ ခုနှစ်က သမ္မတရှီကကတိပြုခဲ့ဖူးသည်။

ကာဗွန် ကိုနည်းပါးစွာသာ ထုတ်ပြီး နိုင်ငံတိုးတက်မှုသည် တရုတ်နိုင်ငံ၏နိုင်ငံတကာဂုဏ်သိက္ခာကိုမြှင့်တင်ရန်နှင့် ကမ္ဘာ့စိမ်းလန်းသောစက်မှုတော်လှန်ရေးသစ်ကိုဦးဆောင်ရန် ကြိုးပမ်းအားထုတ်မှုများအနက် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။

ကမ္ဘာပေါ်တွင် ရာသီဥတုပူနွေးစေသောဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအများဆုံးဖြစ်သည့် တရုတ်နိုင်ငံသည် ယခုဆယ်စုနှစ်အကုန်တွင် ဓာတ်ငွေ့ထုတ်လွှတ်မှု အထွတ်အထိပ်သို့ရောက်ရှိပြီးနောက် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်မျှခြေကို ရရှိရန်ရှီက ကတိပြုခဲ့သည်။

တရုတ်နိုင်ငံ၏ကာဗွန်အထွတ်အထိပ်နှင့် မျှခြေသို့ရောက်ရှိစေမည့်ရည်မှန်းချက်များကို နိုင်ငံ၏စွမ်းအင်အရင်းအမြစ်များနှင့်အညီ ဖြည်းဖြည်းမှန်မှန်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရှီကကိုယ်စားလှယ်များအားပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကာဗွန်နည်းသောစက်မှုလုပ်ငန်းများကို ပံ့ပိုးပေးမည်ဖြစ်ပြီးစွမ်းအင်တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျောက်မီးသွေးအသုံးပြုမှုကို သန့်စင်စွာ သုံးကာ စွမ်းအင်စနစ်အသစ်ကိုတည်ဆောက်မည်ဖြစ်ကြောင်းလည်း သမ္မတရှီကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here