ရုရှားနှင့် ယူကရိန်းတို့က ယူကရိန်းအမျိုးသမီး ၁၀၈ ဦး ပါဝင်သော အကျဉ်းသား လဲလှယ်မှုကြီး  ပြုလုပ်ခဲ့

0
254

မော်စကိုနှင့် ကိယက်ဗ်တို့သည် ယူကရိန်း အမျိုးသမီး ၁၀၈ ဦး အပါအဝင် အကျဉ်းသား ၂၁၈ ဦး ပါဝင်သော စစ်ပွဲအတွင်း အကြီးမားဆုံး အကျဉ်းသား လဲလှယ်မှုတစ်ခုကို အောက်တိုဘာလ ၁၇ ရက် တနင်္လာနေ့တွင် ပြုလုပ်ခဲ့ကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယူကရိန်းသမ္တ တရုံး ဝန်ထမ်းအကြီးအကဲ အန်ဒရေး ရားမက်ခ် က တနင်္လာနေ့၌ လွတ်မြောက်လာသော အမျိုးသမီးများတွင် အရပ်သား ၁၂ ဦး ပါဝင်ကြောင်း ပြောကြားခဲ့သည်။

“ဒီနေ့မှာ နောက်ထပ် စစ်သုံ့ပန်း အကြီးစားလဲလှယ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီး ၁၀၈ ဦးကို ဖမ်းဆီးချုပ်နှောင်ထား ခံရတာကနေ လွတ်မြောက်စေခဲ့တယ်၊ ဒါဟာ ပထမဆုံး ယူကရိန်း အမျိုးသမီးများသာ ပါဝင်တဲ့ လဲလှယ်မှုပါ” ဟု ရားမက်ခ်က တယ်လီဂရမ်ပေါ်တွင် ရေးသားခဲ့သည်။

ထိုလွတ်မြောက်လာသူ အမျိုးသမီးများထဲမှ ၃၇ ဦးမှာ ရုရှားတပ်ဖွဲ့ဝင်များက မေလတွင် မာရီယူပိုလ်မြို့ရှိ အာဇော့တယ် သံမဏိစက်ရုံကို သိမ်းပိုက်ပြီးနောက် ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းကဆိုသည်။

လွတ်မြောက်လာသူများတွင် အသက်အကြီးဆုံး အမျိုးသမီးမှာ ၆၂ နှစ် ဖြစ်ပြီး အသက်အငယ်ဆုံးမှာ ၂၁ နှစ် ဖြစ်ကြောင်း စစ်သုံ့ပန်းများ ကုသရေး ညှိနှိုင်းရေး ဌာနချုပ်က ပြောကြားခဲ့သည်။

ယူကရိန်းပြည်ထဲရေး ဝန်ကြီးဌာနက လွတ်မြောက်လာသူ အမျိုးသမီးအချို့သည် အရှေ့ပိုင်းဒေသများတွင် မော်စကိုအစိုးရကို လိုလားသော အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် ၂၀၁၉ ခုနှစ်ကတည်းက ထောင်ထဲတွင် ထိန်းသိမ်းခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးခြင်းခံထားရသော ကူးသန်းရောင်းဝယ်ရေး သင်္ဘောများမှ သင်္ဘောသား ၇၂ ဦး အပါအဝင် ရုရှားနိုင်ငံသား ၁၁၀ ဦး လွတ်မြောက်ခဲ့သည် ဟုဆိုကာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အဆိုပါ လဲလှယ်မှုကို အတည်ပြုခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here