မြဝတီမြို့ရှိ ခရိုင်ထွေအုပ်ရုံးနှင့် အ.ထ.က(၁) အနီးတွင် ကားပေါ်၌ထောင်ထားသည့် ချိန်ကိုက်မိုင်းတစ်လုံးတွေ့၍ရှင်းလင်းလျက်ရှိ

0
190

ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်ရှိ ခရိုင်ထွေအုပ်ရုံးနှင့် အ.ထ.က(၁)ကျောင်းအနီးတွင် အောက်တိုဘာ ၁၈ ရက်(ယနေ့)မွန်းတည့်ပိုင်းက ကိုယ်ပိုင်ကားပေါ်၌ထောင်ထားသည့် ချိန်ကိုက်မိုင်းတစ်လုံးတွေ့ရှိခဲ့ရသည်ဟု သိရသည်။

“ကားပေါ်မှာထောင်ထားတဲ့ ချိန်ကိုက်မိုင်းတွေ့တာ ဘယ်လိုတွေ့တာလဲဆိုတာတော့ကျွန်တော်တို့လည်း မသိဘူး အခုလမ်းတွေပိတ်ထားတယ်”ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ချိန်ကိုက်မိုင်းထောင်ထားသည့်ကားအား ခရိုင်ထွေအုပ်ရုံးနှင့် အ.ထ.က(၁)ကျောင်းတို့အနီး မြဝတီခရိုင်ဆေးရုံကြီး မျက်နှာချင်းဆိုင်ရှိ စတိုးဆိုင်တစ်ခုရှေ့၌ ရပ်ထားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းကိုပိတ်ထားတယ် ဆေးရုံကိုလာတဲ့လူနာတွေဆိုရင်လည်း ဆေးရုံနောက်ဖက်ကပဲဝင်လိူ့ရတယ် ကျောင်းတက်နေတဲ့ကလေးတွေကိုလည်း ကျောက်နောက်ဖက်တံခါးကနေပြန်လွှတ်လိုက်ပါတယ်”ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ လုံခြုံရေးအဖွဲ့ဝင်များက လမ်းအားယာယီပိတ်ဆို့၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊


LEAVE A REPLY

Please enter your comment!
Please enter your name here