ဥရောပတွင် ရုရှားဓာတ်ငွေ့ကို ရှောင်ဖယ်လာသဖြင့် လေနှင့် ဆိုလာစွမ်းအင်ကို စံချိန်တင်ထုတ်လုပ်လာ

0
246

လန်ဒန်၊ အောက်တိုဘာ ၁၈

ရုရှား-ယူကရိန်း အရေးအခင်း စတင်ချိန်မှစ၍ ဥရောပသမဂ္ဂ၏ လျှပ်စစ်ဓာတ်အားတွင် လေနှင့် ဆိုလာစွမ်းအင်ဖြင့် ထုတ်လုပ်အသုံးပြုမှုမှာ စံချိန်တင် ၂၄ ရာခိုင်နှုန်းအထိ ရှိလာကြောင်း အစီရင်ခံစာအသစ်တစ်ခုတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ တိုးတက်လာခြင်းသည် ဥရောပအုပ်စုအား မြှင့်တက်လာနေသော ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ရာတွင်လည်း အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြင့် ဓာတ်အားပေးနိုင်မှု တိုးတက်လာခြင်းသည် မတ်လမှ စက်တင်ဘာလအတွင်း ရုရှားမှ သဘာဝဓာတ်ငွေ့တင်သွင်းမှုကို ရှောင်ရှားထားသော နိုင်ငံ ၂၇ ခု ဖြင့် ဖွဲ့စည်းထားသည့် ဥရောပအုပ်စုအား ယူရို ၉၉ ဘီလီယံ (ကန်ဒေါ်လာ ၉၇ ဘီလီယံ) သက်သာစေခဲ့သည်။

ထိုပမာဏမှာ ပြီးခဲ့သည့်နှစ် အလားတူကာလများနှင့် နှိုင်းယှဉ်ပါက ယူရို ၁၁ ဘီလီယံ (ကန်ဒေါ်လာ ၁၀ ဒသမ ၈ ဘီလီယံ) ပိုများလာကြောင်း ရာသီဥတုဆိုင်ရာ ဉာဏ်ကြီးရှင်အဖွဲ့များ ဖြစ်သည့် အီးတရီးဂျီနှင့် အမ်ဘာတို့က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

မော်စကိုက အရေးအခင်းအတွင်း ဩဇာလွှမ်းမိုးနိုင်ရန်အတွက် ဥရောပနိုင်ငံများသို့ စွမ်းအင်ထောက်ပံ့မှုများ လျှော့ချဖြတ်တောက်လိုက်ချိန်တွင် ဥရောပကလည်း ရုရှားဓာတ်ငွေ့ အသုံးပြုမှုကို ဖြတ်တောက်ရန် ကြိုးပမ်းနေသောကြောင့် ယင်းကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အသုံးပြုမှု တိုးလာခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် ဥရောပသမဂ္ဂ၏ ၄၁ ရာခိုင်နှုန်းသော ရုပ်ကြွင်းလောင်စာများ တင်သွင်းမှုမှာ ရုရှားနိုင်ငံမှ ဖြစ်သည်။

ဥရောပသမဂ္ဂ၏ အဖွဲ့ဝင် ၂၇ နိုင်ငံအနက် ၁၉ နိုင်ငံသည် မတ်လကတည်းက လေနှင့် နေရောင်ခြည် ထုတ်လုပ်မှုတွင် စံချိန်တင်အောင်မြင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပိုလန်သည် ၄၈ ရာခိုင်နှုန်းဖြင့် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာမှုတွင် အမြင့်ဆုံးဖြစ်ခဲ့သည်။

စပိန်နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုတစ်ခုတည်းဖြင့် ဓာတ်ငွေ့ တင်းသွင်းစရိတ်အတွက် ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကို ချွေတာနိုင်ခဲ့သည်။

“လေနဲ့ နေရောင်ခြည်က ဥရောပနိုင်ငံသားတွေကို ကူညီပေးနေပါပြီ၊ ဒါပေမယ့် အနာဂတ်မှာ အလားအလာက ဒီထက် ပိုလို့တောင် ကြီးမားနေပါသေးတယ်” ဟု အမ်ဘာမှ အကြီးတန်း ခွဲခြမ်းစိတ်ဖြာသူ ခရစ် ရော့စ်စလို က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here