ဆူဒန်တောင်ပိုင်းတွင် မျိုးနွယ်စုထိပ်တိုက်တွေ့မှုများ ထပ်မံဖြစ်ပွားခဲ့ရာ လူ ၁၃ ဦးသေဆုံးခဲ့

0
150

ဆူဒန်တောင်ပိုင်း ဘလူးနိုင်းပြည်နယ်တွင် ယခုသီတင်းပတ်အတွင်းထပ်မံဖြစ်ပွားခဲ့သော လူမျိုးရေးအကြမ်းဖက်မှုတွင် အနည်းဆုံးလူ ၁၃ ဦးသေဆုံးပြီး ၂၄ ဦးကျော်ဒဏ်ရာရရှိခဲ့သည်။

မြေယာအငြင်းပွားမှုတစ်ခုအတွင်း ဝေါ့ဒ်အောင်းမဟီ ဧရိယာရှိ တမ်မြို့အနီး၌ ကြာသပတေးနေ့က ဟာမေးဂျိလူနှစ်ဦးသေဆုံးခဲ့ကြောင်း အတည်မပြုနိုင်သောသတင်းရင်းမြစ်များအရ သိရှိရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)ကတနင်္လာနေ့ကထုတ်ပြန်ခဲ့သည်။

အဆိုပါသတ်ဖြတ်မှုများသည် လေးရက်ကြာကြာမြင့်ခဲ့သည့် တမ်မြို့ဒေသရှိ ဟောင်းဆက် မျိုးနွယ်စုနှင့် အခြားသောမျိုးနွယ်စုများကြား ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။အတည်မပြုနိုင်သေးသော အစီရင်ခံချက်များအရ ခန့်မှန်းခြေလူပေါင်း ၁,၂၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး တမ်မြို့ရှိစာသင်ကျောင်းများနှင့် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရသည်ဟု OCHA ကဆိုသည်။

အဆိုပါတင်းမာမှုများကြောင့် မြို့တွင်းရှိဈေးများနှင့် အစိုးရရုံများမှာလည်းပိတ်ထားရပြီး ဒေသခံများ၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိကြောင်းလည်းဖော်ပြထားသည်။

အချင်းချင်းလက်စားချေတိုက်ခိုက်မှုတွေကြောင့် နောက်ထပ်မငြိမ်မသက်မှုတွေဖြစ်လာနိုင်သဖြင့် ဝေါ့ဒ်အောင်းမဟီ ၌ လုံခြုံရေးတပ်ဖွဲ့များချထားပြီး ပြည်နယ်အာဏာပိုင်များက ဒေသတွင်းသွားလာလှုပ်ရှားမှုများကို တားမြစ်ထားကြောင်း ကုလသမဂ္ဂသတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ဟောင်းဆက် နှင့် ဟာမေးဂျိလူမျိုးစုများကြားတိုက်ခိုက်မှုများသည် ဇူလိုင်လကစတင်ခဲ့ပြီး အောက်တိုဘာလ ၆ ရက်နေ့အထိ လူပေါင်း ၁၄၉ ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။ထိုအချိန်မှစ၍ အနည်းဆုံးလူဦးရေ ၁၂၄ ဦးဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်းလူဦးရေ ၆၄,၈၀၀ ခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟုဖော်ပြထားသည်။

မျိုးနွယ်စုနှစ်စုမှခေါင်းဆောင်များသည် ဩဂုတ်လအစောပိုင်းက တိုက်ခိုက်မှုများရပ်တန့်ရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း အာရိုစီးရာ နှင့် ဝေါ့ဒ်အောင်းမဟီ ဒေသများတွင် စက်တင်ဘာလမှစတင်၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

Source : Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here