အီးယူက တရုတ်အား မိတ်ဘက်ထက် ပြိုင်ဘက်အနေဖြင့်သာ ဆက်ဆံသင့်

0
135

ဘရပ်ဆဲလ်၊အောက်တိုဘာ ၁၈

 ပေကျင်းနှင့်ကောင်းမွန်သောဆက်ဆံရေးကိုဖော်ဆောင်ရန် ကြိုးပမ်းနေသော်လည်း ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံကိုပြိုင်ဘက်အဖြစ် သာသတ်မှတ်ပြီး ၎င်း၏စီးပွားရေးအပေါ်မှီခိုနေရမှုကို လျှော့ချသင့်သည်ဟု အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘိုရယ်လ် ကအောက်တိုဘာ ၁၇ ရက် တနင်္လာနေ့ကပြောကြားခဲ့သည်။

ဘိုရယ်လ်ဦးစီးသည့် ဥရောပပြည်ပ‌ရေးရာဌာနက လူဇင်ဘတ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက်ပြင်ဆင်ထားသည့် စာမျက်နှာငါးမျက်နှာပါစာတမ်းတွင် အီးယူသည်လက်တွေ့ကျပြီးခိုင်မာသော ထိတွေ့ဆက်ဆံမှုကိုဆက်လက်လုပ်ဆောင်သင့်သည်ဟု ပြောကြားခဲ့သည်။

အီးယူအဖွဲ့သည်တရုတ်နိုင်ငံကိုစီးပွားရေးမိတ်ဖက်နှင့် ပြိုင်ဘက်အဖြစ် ၂၀၁၉ ခုနှစ်ကတည်းကသတ်မှတ်ခဲ့သည်။ဘိုရယ်လ်သည်တနင်္လာနေ့ဝန်ကြီးများအစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြိုင်ဘက်များ၏အခန်းကဏ္ဍသည် ပိုမိုအဓိကကျလာကြောင်းလည်းပြောကြားခဲ့သည်။

“အခုတရုတ်ဆီကသတင်းစကားက ပြိုင်ဘက်ဆိုတာပါပဲ” ဟု၎င်းကပြောကြားခဲ့ပြီး တရုတ်၏စီးပွားရေးအောင်မြင်မှုနှင့် အာဖရိက၊အာရှ၊လက်တင်အမေရိကနှင့် အခြားနေရာများတွင် ဩဇာလွှမ်းမိုးလိုသော ဆန္ဒရှိနေသည့်အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

နည်းပညာများနှင့် အရေးကြီးကုန်ကြမ်းများအတွက် တရုတ်မှသာမက အခြားနေရာများမှပါရရှိနိုင်အောင်ဆောင်ရွက်ထားပြီး အားနည်းချက်အသစ်များကိုရှောင်ရှားခြင်းဖြင့် ဥရောပအနေဖြင့် တရုတ်အပေါ်မှီခိုနေရမှုများကို လျှော့ချသင့်သည်ဟုလည်းပြောကြားခဲ့သည်။

အီးယူမှတာဝန်ရှိသူများက  ကြာသပတေးနေ့မှစတင်ကာ နှစ်ရက်ကြာထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး ကောင်းမွန်ရေး ကိုဆွေးနွေးရန်စီစဉ်ထားပြီးဖြစ်သည်။

တရုတ်သမ္မတရှီ၏ အဓိကမူဝါဒမိန့်ခွန်းပြောကြားမှုအပြီးတွင် တနင်္လာနေ့အစည်းအဝေးထွက်ပေါ်လာခြင်းဖြစ်သည်။အဆိုပါမိန့်ခွန်းသည် ကမ္ဘာတစ်ဝန်းတွင် တရုတ်နိုင်ငံ၏ဩဇာလွှမ်းမိုးလိုသော ဆန္ဒနှင့်ပတ်သက်၍ ရှီကအလွန်ပြတ်သားသောကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဘိုရယ်လ်ကပြောကြားခဲ့သည်။

စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံရေး အခွင့်အရေးနှင့် လူ့အခွင့်အရေးများထက် ပိုအသားပေးထားသည့် ကမ္ဘာ့အစီအစဉ်သစ် တစ်ရပ်ကိုအစားထိုးရန်  ပေကျင်းကစနစ်တကျလုပ်‌ေဆာင်နေခြင်းဖြစ်သည်ဟု အီးယူ၏စာတမ်းတွင်ဖော်ပြထားသည်။

သို့သော်အီးယူအဖွဲ့အနေဖြင့် ရာသီဥတုပြောင်းလဲမှုကဲ့သို့သော ကိစ္စရပ်များတွင် မိတ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံနှင့်ထိတွေ့ဆက်ဆံခြင်းသည် အဓိပ္ပာယ်ရှိသည်ဟုယုံကြည်နေဆဲဖြစ်သည်။ရှီသည်တရုတ်အား အာဏာရှင်ဆန်သည့်လမ်းကြောင်းပေါ်ချမှတ်နေသဖြင့် ဘရပ်ဆဲလ်ကစိုးရိမ်မိကြောင်းလည်း အီးယူသံတမန်များကပြောကြားခဲ့ကာ ရုရှားနှင့်တရုတ်၏ ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း စိတ်မသက်မသာဖြစ်နေရသည်ဟုပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here