အင်းစိန် အကျဉ်းထောင် ဗုံးပေါက်ကွဲမှု ထောင်ဝန်ထမ်းများအပါအဝင် (၃) ဦးထက်မနည်း သေဆုံးကာ ဆယ်နှင့်ချီဒဏ်ရာရ

0
220

ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်တွင် ယနေ့ အောက် တိုဘာ (၁၉) ရက် နံနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှု (၂) ကြိမ်ဖြစ်ပွားကာ ထောင်ဝန်ထမ်း အနည်းဆုံး (၃) ဦး သေဆုံးကာ အရပ်သားအချို့ သေဆုံးဒဏ်ရာရမှုရှိကြောင်း ‌သိရသည်။

အတည်မပြုနိုင်သေးသည့် မြေပြင်သတင်းအချက်အလက်များအရ အဆိုပါ ပေါက်ကွဲမှုကြောင့် ထောင်ဝန်ထမ်း (၃) ဦးနှင့် အရပ်သား (၅) ဦး သေဆုံးကာ ဆယ်နှင့်ချီ ဒဏ်ရာရထားကြောင်း သိရ‌ သော်လည်း ပေါ်ပြူလာနယူး (စ်) အနေဖြင့် သီးခြားအတည်ပြု နိုင်ရန်ဆက်သွယ်စုံစမ်းဆဲသာဖြစ်သည်။

“အခုကလမ်းတွေပိတ်ပြီး စစ်ဆေးတာတွေလုပ်နေတယ် ဝင်ထွက်ခွင့်မပေးတော့ သေဆုံးတဲ့လူနဲ့ ဒဏ်ရာရတဲ့လူအရေအတွက်ကိုတော့ ကျွန်တော်တို့မသိဘူး လူနာလာကောက်ဖို့ဖုန်းဆက်ခေါ်တော့မှ ကျွန်တော်တို့လည်းသွားရမှာ လူနာတင်ကားတွေကိုတော့ အဆင်သင့်ပြင်ဆင်ထားတယ်”ဟု အင်းစိန်မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ယနေ့ အောက်တိုဘာလ (၁၉) ရက် နံနက် (၉) နာရီခွဲဝန်း ကျင်တွင် အင်းစိန်ထောင် ဝင်ပေါက်အနီးတွင် ဗုံး (၂) ကြိ မ် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ ပိတ်ဆို့ စစ် ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

“ကျွန်တော်တို့စုံစမ်းသိထားရသလောက်ဆိုရင် ပါဆယ်ပို့တဲ့နေရာနဲ့ အဲဒီရှေ့မှာ ၂ နေရာပေါက်တယ်လို့ကြားတယ် ပါဆယ်ဗုံးလို့သိထားတယ်” ဟု အင်းစိန်မြို့နယ်အခြေစိုက်လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။

” အရပ်သား သေတာတွေတော့ အတိအကျပြောလို့မရဘူး။ ထောင်ဝင်စာ ပါဆယ်ထဲက ပေါက်တယ်လို့တော့ ပြောနေကြတာပဲ။ ထောင်ဝန်ထမ်း (၃) ယောက်တော့ သေတယ်။ အင်းစိန်ဘက်လာမယ့်သူတွေအနေနဲ့ သတိတော့ထားပြီးလာကြပါ။ နေရာတော်တော်များများမှာ ပိတ်ပြီးစစ်နေတယ်” ဟု အင်းစိန်မြို့နယ် ပေါက်တောဝတွင် နေ ထိုင်သူ တစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ထောင်ဝန်ထမ်း တပ်သားကျော်ဇင်ဦး၊ တပ်သား ခင်မိုးဝေနှင့် တပ်သားပိုးအိဇံတို့သေဆုံးပြီး (၇) ဦးမှာ ဗုံးစထိမှန်ဒဏ် ရာများရရှိခဲ့ကြောင်းအချို့ သတင်းဌာနများက သတင်းထုတ်ပြန်ကြသည်။

အင်းစိန်ထောင် အတွင်းမှရရှိသည့် သတင်းရင်းမြစ်တစ်ဦးထံမှ ရရှိသည့် အချက်အလက်အရ ထောင်ဝန်ထမ်း (၃) ဦးအပြင် ထောင်ဝင်စာလာပို့သည့် အမျိုးသမီး အချို့လည်း သေဆုံးပြီး ဒဏ်ရာရရှိသူမှာ ၁၀ ဦးထက်မန ည်း ရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်သတင်းအချက်အလက်များ ရရှိနိုင်ရန် စုံးစမ်းမေးမြန်းမှုများ လုပ်ဆောင်နေပြီး ထပ်မံရရှိသည့် သတင်းအချက်လက်များကို ထပ်မံဖော်ပြပေးသွားပါမည်။

ပုံစာ− ယခုဖော်ပြထားသော ပုံများမှာ ယခင်ပုံဟောင်းများဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here