ကမ္ဘာ့ဖလားပရိသတ်များအား စိတ်ရှည်သည်းခံဖို့ ကာတာကို အမေရိကတိုက်တွန်း

0
238

ဒိုဟာ၊အောက်တိုဘာ ၁၈

တစ်လကြာကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းလာရောက်မည့် ဘောလုံးပရိသတ်တစ်သန်းကျော်ကို စီမံခန့်ခွဲရာ၌ စိတ်ရှည်သည်းခံပြီး ပွင့်လင်းမြင်သာမှုရှိရန် ကာတာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ကာတာရဲတပ်ဖွဲ့နှင့် အာဏာပိုင်များအား တိုက်တွန်းခဲ့ကြောင်း ၎င်းကအင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့တရားဥပဒေစိုးမိုးရေးဟာ မှန်ကန်တဲ့နေရာမှာရှိနေတယ်ဆိုတာ သေချာစေချင်ပါတယ်၊ကမ္ဘာ့နိုင်ငံတွေကို ကိုယ့်နိုင်ငံကိုဖိတ်ခေါ်တဲ့အခါ သူတို့နဲ့ပတ်သက်ပြီး ဖြစ်လာမဲ့အရာတွေအတွက် စိတ်ရှည်သည်းခံနိုင်စွမ်းရှိဖို့ ဝန်ကြီးဌာနတိုင်းက သေချာလုပ်ဆောင်ထားစေချင်ပါတယ်” ဟု တင်မ်မီဒေးဗစ်စ် က ဒိုဟာရှိအမေရိကန်သံရုံးတွင် ကာတာအာဏာပိုင်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်ကို သတင်းထောက်များအားပြန်လည်ပြောကြားခဲ့သည်။

ပွဲစီစဉ်သူများသည် ပြိုင်ပွဲအတွင်းပရိသတ်များလိုက်နာရမည့်စည်းကမ်းချက်များအား တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။ကာတာနိုင်ငံ၏ဥပဒေစည်းမျဉ်းများအရ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားပြီး လိင်တူဆက်ဆံခြင်းသည် တရားမဝင်ဟုမှတ်ယူသည်။ထို့ပြင် အိမ်ထောင်မပြုဘဲ လိင်ဆက်ဆံခြင်းကိုလည်း ဥပဒေဖြင့်တားမြစ်ထားသည်။

ထိုမျှမက အများသူငှာအားမူးယစ်ရမ်းကားခြင်းအတွက် ထောင်ဒဏ်ခြောက်လအထိကျခံရနိုင်ပြီး အခြားနိုင်ငံများတွင် မပြောပလောက်သောအရာများအဖြစ် မှတ်ယူထားသည့် လူမြင်ကွင်းရှေ့မလုံ့တလုံအဝတ်အစားဝတ်ခြင်း၊စုံတွဲများမသင့်လျော်စွာနေထိုင်ခြင်းစသည့်အကြောင်းအရာများသည် အဖမ်းခံရနိုင်သည့်အကြောင်းတရားများဖြစ်သည်။

“ဒီလိုကမ္ဘာလုံးဆိုင်ရာပွဲမျိုးကို လက်ခံကျင်းပပြီး ကမ္ဘာကြီးကိုကိုယ့်နိုင်ငံကိုဖိတ်ခေါ်တဲ့အခါ ကမ္ဘာနဲ့အညီပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်ပါတယ်၊ ဧည့်သည်တွေကိုဂရုစိုက်ရမယ့်နည်းလမ်းတွေနဲ့ပတ်သက်လို့လည်း ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်ပါတယ်” ဟု စက်တင်ဘာလ ၁၃ ရက်နေ့တွင် တရားဝင်တာဝန်ထမ်းဆောင်ခဲ့သည့် ဒေးဗစ်စ်ကပြောကြားခဲ့သည်။

ပွဲစီစဉ်သူများကလည်း ၎င်းတို့အနေဖြင့်အသေးအဖွဲလောက်ကျူးလွန်မှုများအတွက်ကိုမူ လိုက်လျောညီထွေပြုမူပေးမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနတွင်ဖော်ပြထားသည်။ယင်းသာမက ပွဲစီစဉ်သူများအနေဖြင့် မူလကကာတာတွင်တင်းကျပ်စွာတားမြစ်ထားသော အများသူငှာမြင်ကွင်းရှေ့အရက်သေစာရောင်းချခြင်းကိုလည်း ယခုကာလအတွင်းရုတ်သိမ်းပေးထားမည်ဖြစ်ပြီး ပွဲမစမီနာရီအနည်းငယ်အလိုအထိ အားကစားကွင်းအနီးတွင် ဘီယာရောင်းချခွင့်လည်းပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာတာနိုင်ငံ၌ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင်စတင်ကျင်းပမည်ဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here