ဂျပန်သည် ၂၀၂၇ ခုနှစ်ကိုလည်းကောင်း၊ တရုတ်၏ ထိုင်ဝမ် ရည်မှန်းချက်ကို လည်းကောင်း မျက်ခြေမပျက်ကြည့်ကာ လက်နက်ပြန်လည်တပ်ဆင်သွားမည်

0
380

တိုကျို၊ အောက်တိုဘာ ၁၉

အောက်တိုဘာလ ၁၆ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ အကြိမ် ၂၀ မြောက် ကွန်မြူနစ်ပါတီ ညီလာခံနှင့် ၂၀၂၇ ခုနှစ်တွင် ထပ်မံပြုလုပ်မည့် ညီလာခံကြားတွင် ဂျပန်နိုင်ငံသည် ပေကျင်းအား အရှေ့အာရှတွင် စစ်ပွဲဖန်တီးခြင်းမှ ဟန့်တားနိုင်ရန်အတွက် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ၎င်း၏ အကြီးမားဆုံး လက်နက်တည်ဆောက်မှုကို တရုပ်နီင့်အပြိုင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရအရာရှိများနှင့် လုံခြုံရေးကို လေ့လာသုံးသပ်သူများထံမှ သိရသည်။

ပေကျင်းအစိုးရ၏ နိုင်ငံတကာစံနှုန်းများကို ဆန့်ကျင်ခြင်း၊ ထိုင်ဝမ်အပေါ် ဖိအားပေးခြင်းနှင့် စစ်ဘက်ဆိုင်ရာတွင် ခေတ်မီလာအောင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာခြင်းတို့ကြောင့် လုံခြုံရေးအား ခြိမ်းခြောက်လာမည်ကို စိုးရိမ်သဖြင့် ဂျပန်နိုင်ငံသည် ၂၀၁၉ ခုနှစ် ကာကွယ်ရေး စက္ကဖြူစာတမ်းတွင် တရုတ်အား ၎င်း၏ အဓိကပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့သည်။

ရုရှား-ယူကရိန်း အရေးအခင်း စတင်ချိန်မှစ၍ ထိုစိုးရိမ်မှုမှာ ပိုမိုပြင်းထန်လာပြီး ဂျပန်လူထု၏ လက်နက် ပြန်လည်တပ်ဆင်ခြင်းအပေါ် ဆန့်ကျင်သည့် အမြင်ကို အားနည်းလာစေသည်ဟု လုံခြုံရေး ကျွမ်းကျင်သူများက ဆိုသည်။

“ဂျပန်အစိုးရဟာ လက်နက်တပ်ဆင်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အောင်မြင်နိုင်တဲ့ အခြေအနေကောင်းမှာ ရှိနေတဲ့အတွက် အဲဒါကို အသုံးချပြီး တက်နိုင်သမျှ လုပ်သွားလိမ့်မယ်” ဟု တိုကျိုရှိ တာကုရှိုကု တက္ကသိုလ်မှ ပါမောက္ခ တာကာရှီ ကာဝါကာမီက ဆိုသည်။

အရှေ့အာရှ၏ ပါဝါချိန်ခွင်လျှာသည် တရုတ်နိုင်ငံဘက်သို့ အလေးသာလာနိုင်သည့် ၂၀၂၇ ခုနှစ်ကို ညွှန်ပြခြင်းဖြင့် ၎င်းက ဂျပန်အစိုးရသည် ကာကွယ်ရေးတွင် ပိုမိုသုံးစွဲရန်အတွက် ထောက်ခံမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဂျပန်၏ ရေနံအားလုံးနီးပါးနှင့် ကုန်ထုတ်လုပ်မှုအတွက် အသုံးပြုနေသော ပစ္စည်းအများအပြားကို ထောက်ပံ့ပေးသည့် အဓိက သင်္ဘောလမ်းကြောင်းများမှာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းရသဖြင့် ထိုင်ဝမ်အား တရုတ်ပြည်မကြီး၏ လက်အောက်သို့ ဆုံးရှုံးရခြင်းသည် ဂျပန်အတွက်တော့ ကပ်ဆိုက်မှုကြီးဖြစ်လာနိုင်သည်။

“ကွဲပြားတဲ့အမြင်တွေရှိပေမယ့် ယေဘုယျအားဖြင့်တော့ အစိုးရအရာရှိတွေဟာ ၂၀၂၇ ခုနှစ်ရဲ့ အရေးပါမှုကို လက်ခံထားကြတယ်” ဟု ကာကွယ်ရေးဆိုင်ရာ တည်ဆောက်မှု အစီအစဉ်များတွင်ပါ၀င်သော ဂျပန်အစိုးရအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနေပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး ပြဿနာမှာ ထိလွယ်ရှလွယ်ကြောင့် ဖော်ထုတ်ခြင်း မပြုရန် တောင်းဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်သည် တရုတ်နိုင်ငံအား ၎င်း၏ စစ်ရေးတည်ဆောက်မှုအတွက် အကြောင်းပြချက်အဖြစ် အသုံးပြုနေသည်ဟု ပြောကြားခဲ့သည်။

အဆိုပါမှတ်ချက်နှင့် ပတ်သက်၍ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက လတ်တလောတုံ့ပြန်ခြင်း မရှိပေ။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here