လူအုပ်ပြိုမှုကြောင့် ၁၃၀ ကျော်သေဆုံးခဲ့သည့် ဘောလုံးကွင်းကိုအင်ဒိုနီးရှားဖြိုချမည်

0
233

ဂျာကာတာ၊အောက်တိုဘာ ၁၈

လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့သည့် လူအုပ်ပြိုကျမှုကြောင့် အဆိုပါဖြစ်ရပ်ဖြစ်ပွားသည့် ဘောလုံးကွင်းအား ဖြိုချပြီး ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်းနှင့် ဘောလုံးရူးသွပ်သောနိုင်ငံ၌ အားကစားကိုကြီးကျယ်စွာ အသွင်ပြောင်းမည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အောက်တိုဘာ ၁၈ ရက် အင်္ဂါနေ့တွင် ကတိပြုခဲ့သည်။

ဂျိုကိုဝီဟုလူသိများသော သမ္မတသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ၏အကြီးအကဲ ဂျာနီအင်ဖန်တီနိုနှင့် တွေ့ဆုံပြီးနောက် နိုင်ငံ့နန်းတော်၌ သတင်းထောက်များအားပြောခဲ့ခြင်းဖြစ်သည်။

“မာလန်းမှာရှိတဲ့ Kanjuruhan အားကစားကွင်းကို ဖြိုချပြီး ဖီဖာ စံနှုန်းအတိုင်း ပြန်လည်တည်ဆောက်မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

အင်ဒိုနီးရှား၏ အားကစားကို စီမံခန့်ခွဲရာ၌ သိသာထင်ရှားသော အပြောင်းအလဲများနှင့်ပတ်သက်၍ မစ္စတာအင်ဖန်တီနိုနှင့် သဘောတူခဲ့ကြောင်း သမ္မတကပြောကြားခဲ့သည်။

“အင်ဒိုနီးရှားဘောလုံးကို သေသေချာချာ အသွင်ပြောင်းဖို့ ကျွန်တော်တို့သဘောတူခဲ့ပါတယ်” ဟု ၎င်းကဆိုပြီး “ပြင်ဆင်မှု ကဏ္ဍတိုင်းဟာ ဖီဖာ စံနှုန်းတွေအပေါ် အခြေခံဖို့ လိုအပ်ပါတယ်” ဟုလည်းပြောကြားခဲ့သည်။

ဂျိုကိုဝီနှင့်အင်ဖန်တီနိုတို့အကြား ဆွေးနွေးပွဲသည် အင်ဒိုနီးရှား၏အားကစားကွင်း ဖြစ်ရပ်ဆိုးကြောင့် ဖီဖာ နှင့် ပူးတွဲအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းရန် သဘောတူညီခဲ့ပြီးနောက် လာမည့်နှစ်တွင် ယူ -၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်နေချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဂျိုကိုဝီနှင့်တွေ့ဆုံစကားပြောဆိုရာ၌ အင်ဖန်တီနိုက ဖီဖာ ၏ပထမဦးစားပေးသည် အရှေ့တောင်အာရှ နိုင်ငံအတွင်း ကစားသမားများနှင့် ပရိသတ်များ၏ လုံခြုံရေးကို သေချာစေရန်ဖြစ်သည်ဟုဆိုခဲ့သည်။

ကမ္ဘာ့အသေအပျောက်အများဆုံး ကစားကွင်းဖြစ်ရပ်ဆိုးအတွက် စုံစမ်းဖော်ထုတ်ရန်ဖိအားပေးခံနေပြီး အစိုးရကဖွဲ့စည်းထားသည့် စုံစမ်းစစ်‌ေဆးရေးအဖွဲ့၏ တွေ့ရှိချက်အရ မျက်ရည်ယိုဗုံးအလွန်အကျွံအသုံးပြုမှုကြောင့်ဖြစ်သည်ဟု သိရှိရသည်။

အဆိုပါအဖွဲ့၏စုံစမ်းမှုအရ သုံးနာရီကျော်ကြာသည့် စီစီတီဗွီမှတ်တမ်းတွင် ပွဲအပြီးတစ်နာရီကျော်ကြာက မှတ်တမ်းအား ဖျက်ထားကြောင်းသိရှိရသည်။ထို့‌ကြောင့်ရဲတပ်ဖွဲ့အား အဆိုပါဗီဒီယိုဖိုင်ကိုပေးရန် တောင်းဆိုထားသည်ဟုသိရှိရသည်။

ယင်းနောက် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ကိုလည်း ရာထူးမှနုတ်ထွက်ရန် အသင်းက တောင်းဆိုခဲ့သည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here