ဂျပန်နိုင်ငံ၏ ကျန်ရှိနေသောခရီးသွားသတိပေးချက်များကိုရုပ်သိမ်း

0
181

တိုကျို၊အောက်တိုဘာ ၁၉

ဩစတြေးလျနှင့်ထိုင်ဝမ်အပါအဝင် နိုင်ငံပေါင်း ၇၆ နိုင်ငံအတွက် ခရီးသွားလာမှုဆိုင်ရာ အကြံပေးချက်များကို အဆင့်နှိမ့်ချလိုက်ပြီးနောက် ကိုဗစ်နှင့်ပတ်သက်၍ မလိုအပ်တော့သောနောက်ဆုံးလက်ကျန် သတိပေးချက်များကို ဂျပန်အစိုးရက ဗုဒ္ဓဟူးနေ့တွင်ရုတ်သိမ်းလိုက်ကြောင်းသိရှိရသည်။

နယူးဇီလန်၊မက္ကဆီကိုနှင့်တူကီယေး စသည့်နေရာများအတွက် ခရီးသွားအကြံပေးချက်များ၏ အဆင့်များ ကိုလျှော့ချလိုက်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံး၌ကူးစက်မှုများ ဆက်လက်ဖြစ်ပေါ်နေသကဲ့သို့ G – 7 နိုင်ငံများသည်လည်း ၎င်းတို့၏ ကိုဗစ်ခရီးသွားလာမှုဆိုင်ရာ အကြံပေးချက်များကို နိုင်ငံ့ဧရိယာအလိုက်ဖျက်သိမ်းထားပြီးပြီဖြစ်သဖြင့် ဂျပန် ကလည်း ဖျက်သိမ်းရန်ဆုံးဖြတ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။

မူလလျှော့ချမှုတွင်ပါဝင်သောနိုင်ငံနှင့်ဒေသ ၇၆ ခုတွင် အာရှ-ပစိဖိတ်ဒေသမှခြောက်နိုင်ငံ၊လက်တင်အမေရိကမှ ၁၁ နိုင်ငံ၊ဥရောပမှ နိုင်ငံ ၂၀ ၊အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ နိုင်ငံပေါင်း  ၃၉ နိုင်ငံတို့ပါဝင်သည်။သို့သော်လည်း နိုင်ငံခြားသို့ခရီးသွားရန်စီစဉ်ထားသူများအား ကိုဗစ်ကူးစက်မှုမှ ကာကွယ်ရန် ကာကွယ်ဆေးအပြည့်အဝထိုးထားရန် တိုက်တွန်းထားသည်ဟုဝန်ကြီးဌာနကဆက်လက်ပြောကြားခဲ့သည်။

တင်းကျပ်လွန်းသည်ဟု ဝေဖန်ခံထားရသောနယ်စပ်ထိန်းချုပ်မှုများကို ဖြေလျှော့ပေးခြင်းဖြင့် နိုင်ငံ၏ရုန်းကန်နေရသော ပြည်တွင်းခရီးသွားကဏ္ဍပြန်လည်ရှင်သန်လာစေရန် ရည်မှန်းထားကာ အစိုးရက၎င်း၏နေ့စဉ်ဧည့်သည်ဝင်ရောက်ခွင့်အား ဖျက်သိမ်းလိုက်ပြီးနောက် ယခုဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါသည် စီးပွားရေးခရီးစဉ်များကဲ့သို့သော နိုင်ငံတကာဖလှယ်မှုများ ကို ပိုမိုအသက်ဝင်လာစေရန် နောက်ဆုံးဆုံးဖြတ်ချက်များကိုချမှတ်ရန် မျှော်လင့်ထားကြောင်းလည်း ပါလီမန်ကော်မတီအစည်းအဝေးတွင်ပြောကြားခဲ့သည်။

ဂျပန်တွင် ကိုဗစ်အန္တရာယ်ပေါ်မူတည်၍ နိုင်ငံနှင့်ဒေသများကိုအမျိုးအစားခွဲခြားထားခြင်းကိုလည်း ပယ်ဖျက်ခဲ့သည်။ယခုအခါနိုင်ငံတွင်းသို့ဝင်ရောက်ရန် ကာကွယ်ဆေးသုံးကြိမ်ထိုးထားကြောင်း အထောက်အထားပြနိုင်သူများနှင့် သက်ဆိုင်ရာနိုင်ငံမှမထွက်ခွာမီ ၇၂ နာရီအတွင်း ကိုဗစ်ကင်းစင်ကြောင်းစစ်ဆေးထားသည့် ဆေးစစ်ချက်အားတင်ပြနိုင်ပါက ဗိုင်းရပ်စစ်ဆေးခြင်းနှင့်ကွာရန်တင်းဝင်ရခြင်းများအား ပြုလုပ်ရန်မလိုအပ်တော့ပေ။

၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သော ကမ္ဘာလုံးဆိုင်ရာကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက် ဂျပန်သည် ၂၀၂၀ ပြည့်နှစ်မတ်လတွင် ကမ္ဘာတစ်ဝန်း သတိပေးချက်အဆင့် ၂ ရှိသည့် ခရီးသွားလာမှုဆိုင်ရာသတိပေးချက်များကိုထုတ်ပြန်ခဲ့သည်။ယင်းနောက် အမေရိက၊တရုတ်နှင့်တောင်ကိုရီးယားတို့အပါအဝင် နိုင်ငံအများစုအတွက် ခရီးသွားလာမှုအားလုံးကိုရှောင်ကြဉ်ရန် သတိပေးသည့်အဆင့် ၃ သို့မြှင့်တင်ခဲ့သည်။

Source : Kyodo News


LEAVE A REPLY

Please enter your comment!
Please enter your name here