ပူတင်သည် သိမ်းယူထားသော ယူကရိန်းဒေသများတွင် မာရှယ်လော ကြေညာ

0
185

ရုရှားသမ္မတ ပူတင်သည် အောက်တိုဘာလ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် ပြီးခဲ့သည့်လက သိမ်းယူခဲ့သော ယူကရိန်းဒေသများဖြစ်သည့် ဒိုနက်စ်ခ်၊ လူဟန့်စ်ခ်၊ ခါဆန်နှင့် ဇာပိုရီရှာ တို့တွင် စစ်အုပ်ချုပ်ရေး ဥပဒေ ခေါ် မာရှယ်လောကို ထုတ်ပြန်ကြေညာခဲ့သည်။

ပူတင်သည် စစ်အုပ်ချုပ်ရေး ဥပဒေအရ လုပ်ဆောင်သွားမည့် အရာများကို အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိသော်လည်း ထိုစီမံချက်များမှာ ယူကရိန်းရှိ ရုရှား၏ အထူးစစ်ဆင်ရေးကို ပံ့ပိုးကူညီပေးမည့် စီးပွားရေး၊ စက်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုတို့တွင် တည်ငြိမ်မှု တိုးမြှင့်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ရုရှားအတွက် ယုံကြည်စိတ်ချရတဲ့ အနာဂတ်၊ ကျွန်ုပ်တို့ပြည်သူတွေရဲ့ အနာဂတ်တွေ ဖြောင့်ဖြူးစေဖို့အတွက် အလွန်ရှုပ်ထွေး ကြီးမားလှတဲ့ တာဝန်တွေကို ကျွန်တော်တို့ ဖြေရှင်း လုပ်ဆောင်နေပါတယ်” ဟု ပူတင်က ၎င်း၏ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအား ဗုဒ္ဓဟူးနေ့(မနေ့)က ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်သည် ရုရှားသိမ်းပိုက်ထားသော ဒေသများတွင် နေထိုင်သူများအတွက် ကြီးမားသော အကျိုးသက်ရောက်မှုများရှိလာမည် ဖြစ်ကြောင်း မော်စကိုရှိ အယ်လ်ဂျာဇီးရာ သတင်းထောက်က ဆိုသည်။

“ဒီထုတ်ပြန်ချက်ကြောင့် ပြည်လူတွေရဲ့ သွားလာမှုအပေါ် ကန့်သတ်တာတွေ ပိုရှိလာမယ်။ စစ်တပ်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေမှာ သူတို့လိုချင်တဲ့အတိုင်း လူတွေ ဘယ်လို သွားလာလှုပ်ရှားရမယ်ဆိုတာမျိုး ဒါမှမဟုတ် စုဝေးတာတွေ ကန့်သတ်မယ်ဆိုတာမျိုး လုပ်ပိုင်ခွင့်ရှိလာလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများ စုဝေးခြင်းနှင့် လှုပ်ရှားမှုများကို ပိတ်ပင်မည်ဖြစ်ပြီး ပုဂ္ဂလိကပိုင် သို့မဟုတ် အစိုးရနှင့် အရပ်ဘက် စပ်တူပိုင် စက်ရုံများအား စစ်တပ်ကိုကူညီရန်အတွက် ၎င်းတို့၏ ထုတ်လုပ်မှု ပုံစံများကို ပြန်လည်ပြုပြင်ရန် တောင်းဆိုလာမည်ဖြစ်သည်။

ယူကရိန်းသမ္မတအကြံပေး Mykhailo Podolyak က အဆိုပါ လုပ်ရပ်အား ပယ်ချခဲ့ပြီး ယူကရိန်းရှိ ရုရှားတပ်ဖွဲ့များအား တန်ပြန်ထိုးစစ်များ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here