သြစတြေးလျသည် အင်ဒိုနီးရှားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်

0
181

မဲလ်ဘန်း၊ ဩစတြေးလျ၊ အောက်တိုဘာ  ၂၀

ဩစတြေးလျသည် အင်ဒိုနီးရှားကျွန်းစု၏ အရှေ့ဘက်စွန်းရှိ အနောက် ပါပူဝါပြည်နယ်တွင် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးပွါးလာနေသော်လည်း စစ်ရေးလေ့ကျင့်မှု၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် အင်ဒိုနီးရှားနိုင်ငံသို့ လက်နက်တင်ပို့မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။

မေလတွင် အာဏာရလာသည့် အန်တိုနီ အယ်လ်ဘာနီ၏ အစိုးရသည်   အင်ဒိုနီးရှားတပ်ဖွဲ့များအား လက်နက်များ ဆက်လက် ထောက်ပံ့ပေးပြီး စစ်ရေးလေ့ကျင့်မှုများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဩစတြေးလျ ကာကွယ်ရေးဌာနက အယ်လ်ဂျာဇီးရား သတင်းဌာနသို့ ပေးပို့ခဲ့သည့် ကြေညာချက်တွင် အတည်ပြုခဲ့သည်။

“အင်ဒိုနီးရှားဟာ သြစတြေးလျရဲ့ အရေးအပါဆုံး မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဩစတြေးလျဟာ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ဘက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလဲ လေ့ကျင့်ပေးသွားမှာပါ၊ ဒါ့အပြင် ဆီလျော်တဲ့ ဥပဒေကို ပြဌာန်းပြီး အင်ဒိုနီးရှားကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့သွားမှာပါ” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဩစတြေးလျသည် အင်ဒိုနီးရှားနှင့် သဘောထားမတိုက်ဆိုင်မှုအချို့ ရှိခဲ့သော်လည်း ၎င်းတို့ကြားတွင် ကာလကြာမြင့်ပြီဖြစ်သော စစ်ရေးအရ ဆက်ဆံမှု ရှိနေသည်။

ကိုပါဆွပ်စ် ကဲ့သို့သော စစ်ဘက်တပ်ဖွဲ့များသည် သြစတြေးလျ၏ အထူးတပ်ဖွဲ့များဖြစ်သည့် ဆက်စ်နှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှုအပြီးတွင် တည်ထောင်ထားသည့် အကြမ်းဖက်နှိမ်နင်းရေးတပ်ဆွယ် ဒန်းဆွပ်စ် ၈၈ သည်လည်း ဩစတြေးလျနှင့် အမေရိကန်နိုင်ငံတို့ထံမှ ရန်ပုံငွေနှင့် လေ့ကျင့်ပေးမှုများကို လက်ခံရရှိထားသည်။

ထိုအစီအစဉ်များကြောင့် အစွန်းရောက်အုပ်စုများ၏ ခြိမ်းခြောက်မှုများ လျော့နည်းလာသော်လည်း အင်ဒိုနီးရှားတပ်ဖွဲ့များက လွတ်လပ်ရေးရရန် နှစ်ပေါင်း ၅၀ ကြာ တိုက်ပွဲဝင်နေသော အနောက်ပါပူဝါ ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြင်းထန်စွာ ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များရှိနေသဖြင့် ဩစတေးလျက အင်ဒိုကို  စောင့်ကြည့်နေဆဲဖြစ်သည်။

အဆိုပါပြည်နယ်သည် Abdurrahman Wahid သမ္မတသက်တမ်းအတွင်း အတော်လေး အေးချမ်းခဲ့သော်လည်း လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒို အပါအဝင် အခြားသမ္မတများ၏ အုပ်ချုပ်မှုကာလအတွင်း အင်ဒိုနီးရှားစစ်တပ်များသည် အနောက်ပါပူဝါနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်ရှိနေ‌ဆဲဖြစ်သည်။

မကြာသေးမီက အဆိုပါဒေသအတွင်း အုပ်ချုပ်ရေးဒေသအသစ် ၃ ခု ထူထောင်မည်ဟူသော အစီအစဉ်သည် ဇွန်လတွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့ပြီး လူပေါင်း ၄၄ ဦး ဖမ်းဆီးခံခဲ့ရသည်။ 

ထိုဖြစ်စဉ်အပေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ရဲတပ်ဖွဲ့သည် အင်အားအလွန်အကျွံသုံး၍ တုံ့ပြန်ခဲ့သည်ဟု ပြောကြားခဲသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here