ပြုံးယမ်း၏နျူစမ်းသပ်မှုကိုစောင့်ကြည့်ရန် အမေရိကနှင့်တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်မှုများအရှိန်မြှင့်ခဲ့

0
196

ရီယိုဂျူ၊အောက်တိုဘာ ၂၀

 ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများမြင့်တက်နေချိန်တွင် အမေရိကနှင့်တောင်ကိုရီးယားတို့သည် ၎င်းတို့၏အဆင်သင့်ဖြစ်နေမှုကို ပြသသည့်အနေဖြင့် အလျင်မြန်ဆုံးသောစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

တောင်ကိုရီးယားနှင့်အမေရိကန်တပ်ဖွဲ့ဝင်များသည် တနင်္လာနေ့ကစတင်ပြီး အောက်တိုဘာလ ၂၈ ရက်နေ့အထိကျင်းပသည့် ၎င်းတို့၏နှစ်စဉ် Hoguk လေ့ကျင့်ခန်းတစ်စိတ်တစ်ပိုင်းအဖြစ် မြောက်ပိုင်းရီယိုဂျူမြို့ရှိ ရန်သူပစ်ခတ်မှုကြောင့်ပျက်စီးသွားသော တင့်ကားများနှင့်အခြားကုန်ပစ္စည်းများကို ပို့ဆောင်သည့် တံတားများအား အစားထိုးလေ့ကျင့်မှုကို ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယားက နျူစမ်းသပ်နိုင်သည့်အရိပ်အယောင်များမြင်တွေ့ရသဖြင့် မဟာမိတ်များသည် ကုန်းကြောင်း၊ရေကြောင်းနှင့်လေကြောင်းတို့၌ ၎င်းတို့၏စွမ်းဆောင်ရည်ကိုမြှင့်တင်နေကြသည်။

“ဒီစစ်ရေးလေ့ကျင့်မှုကို အကျပ်အတည်းအတွင်း မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုကနေ လူတွေရဲ့အသက်အိုးအိမ်စိမ်းစည်နဲ့ ဘေးကင်းရေးကိုကာကွယ်ပေးနိုင်ဖို့အတွက် တောင်ကိုရီးယား နဲ့ အမေရိကတို့ရဲ့ မဟာမိတ်ပေါင်းကူးတံတားတစ်ခုအနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု တောင်ကိုရီးယားတပ်မှူးတစ်ဦးက ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများမြင့်တက်လာနေပြီး မြောက်ကိုရီးယားသည် စက်တင်ဘာလနှောင်းပိုင်းမှစတင်၍ သုံးပတ်အတွင်း ပုံမှန်မဟုတ်သောဒုံးကျည်စမ်းသပ်မှုကို ရှစ်ကြိမ်ပြုလုပ်ခဲ့သည်။မကြာသေးမီကလည်း ပင်လယ်ထဲသို့ ရာနှင့်ချီသောအမြောက်ကျည်များကို ပစ်ခတ်ခဲ့သည်ဟု ဆိုးလ်မြို့ကသတိပေးချက်ထုတ်ပြန်ခဲ့သည်။

မေလတွင်သမ္မတဖြစ်လာခဲ့သော သမ္မတယွန်းဆော့ယော်တက်လာပြီးကတည်းက မဟာမိတ်ဖွဲ့မှုအားကောင်းလာစေရန် ကတိကဝတ်ပြုထားသည့် အမေရိကနှင့်တောင်ကိုရီးယားစစ်တပ်များသည် ယခုနှစ်ပိုင်းအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အရှိန်အဟုန်ဖြင့်ပြုလုပ်ခဲ့သည်။

စက်တင်ဘာလတွင် USS Ronald Reagan နျူစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောသည် လေးနှစ်နီးပါးအတွင်း ပထမဆုံးအနေဖြင့် တောင်ကိုရီးယားသို့လာရောက်ခဲ့သည်။ထို့ပြင် အမေရိက၊တောင်ကိုရီးယားနှင့်ဂျပန်ရေတပ်တို့သည် ငါးနှစ်အတွင်း ပထမဆုံးအနေဖြင့်ဂျပန်ပင်လယ်ပြင်တွင် ရေငုပ်သင်္ဘောဆိုင်ရာလေ့ကျင့်မှုကိုလည်းပြုလုပ်ခဲ့သည်။

Hoguk စစ်ရေးလေ့ကျင့်မှုပြီးပါက အမေရိကနှင့်တောင်ကိုရီးယားလေတပ်တို့သည် ငါးနှစ်နီးပါးအတွင်း ၎င်းတို့၏ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ဆက်လက်ကျင်းပရန်စီစဉ်ထားကြောင်းလည်းသိရှိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှု၌ အမေရိကန်သည် ဂျပန်ရှိ၎င်း၏ Iwakuni အခြေစိုက်စခန်းမှ F – 35 B ကိုယ်ပျောက်တိုက်လေယာဉ်များအပါအဝင် လေယာဉ်အစီးရေ ၁၀၀ ခန့်စေလွှတ်မည်ဖြစ်ပြီး တောင်ကိုရီးယားဘက်မှ F – 35 A နှင့် F – 15 အပါအဝင် လေယာဉ် ၁၄၀ ခန့်ကို စုစည်းခေါ်ယူသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်သတင်းရင်းမြစ်တစ်ခုအရသိရသည်။

မြောက်ကိုရီးယားကမူ အမေရိကနှင့်တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများကြောင့်သာ တင်းမာမှုများ အရှိန်မြင့်လာသည်ဟု အပြစ်တင်ခဲ့သည်။တောင်ကိုရီးယား၏ ရန်စမှုများကိုတုံ့ပြန်သည့်အနေဖြင့် မကြာသေးမီကပစ်ခတ်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာ KCNA က စစ်တပ်အား ကိုးကားလျက်ဖော်ပြထားသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here