အီတလီ၏စီးပွားရေးသည် ရာသီဥတုပြောင်းလဲမှု၏ခြိမ်းခြောက်မှုကိုခံနေရဟုဗဟိုဘဏ်ဆို

0
164

ရောမ၊အောက်တိုဘာ ၂၀

အပူချိန်များမြင့်တက်လာမှုကြောင့် လာမည့်ဆယ်စုနှစ်များအတွင်း အီတလီ၏စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေကာ စိုက်ပျိုးရေးနှင့်ခရီးသွားလာရေးကဲ့သို့သောကဏ္ဍများတွင် အဆိုးရွားဆုံးထိခိုက်နိုင်ကြောင်း အီတလီဗဟိုဘဏ် သုတေသနပရောဂျက်တစ်ခုက ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်။

အဆိုပါလေ့လာချက်အရ ရာသီဥတုပြောင်းလဲမှု၏ကျယ်ပြန့်သောအကျိုးသက်ရောက်မှုကို မီးမောင်းထိုးပြပြီး မြေပြိုမှုနှင့်ရေကြီးရေလျှံမှုဖြစ်နိုင်ချေရှိသော ဒေသရှိစီးပွားရေးလုပ်ငန်းများသည် အခြားဒေသများထက်ပျက်စီးနိုင်ခြေပိုများသည်ဟု တွေ့ရှိရသည်။

၎င်းလေ့လာချက်ထဲတွင် မြင့်မားသောအပူချိန်နှင့် လေထုညစ်ညမ်းမှုသည် ကျောင်းသားများနှင့်အလုပ်သမားများကိုထိခိုက်မှုရှိကြောင်းကိုလည်းတွေ့ရှိခဲ့သည်။ပူပြင်းသောနေ့တွင်ပြုလုပ်သော စာမေးပွဲရလဒ်များသည်ကောင်းလေ့မရှိကြောင်း တွေ့ရှိခဲ့ရပြီး လေထုသန့်ရှင်းမှုမရှိသဖြင့် လုပ်ငန်းခွင်အလွဲအမှားများ ပိုများလေ့ရှိသည်ဟုဖော်ပြထားသည်။

အီတလီသည် ပြောင်းလဲလာသောရာသီဥတု၏ သက်ရောက်မှုကိုခံစားနေရပြီး ဇူလိုင်လတွင်အစိုးရက မြောက်ပိုင်းရှိ ပေါ့ မြစ်အနီးတစ်ဝိုက်တွင် အရေးပေါ်အခြေနေကြေငြာခဲ့သည်။ပေါ့ ချိုင့်ဝှမ်းသည် နိုင်ငံ့စိုက်ပျိုးရေး၏သုံးပုံတစ်ပုံအတွက် အထောက်အပံ့ပေးနိုင်ခဲ့ပြီး နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံးမိုးခေါင်မှုဒဏ်ကိုခံခဲ့ရသည်။

အခြေခံခန့်မှန်းချက်များနှင့်နှိုင်းယှဉ်ပါက လူတစ်ဦးလျှင်ပြည်တွင်းအသားတင်ထုတ်ကုန် ၂ ဒသမ ၈ မှ ၅ ဒသမ ၉ ရာခိုင်နှုန်းကြား ကျဆင်းသွားနိုင်ကြောင်းအစီရင်ခံစာကဆိုသည်။

ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပါကလည်း ဆောင်းရာသီအားကစားများကအထင်ရှားဆုံးဖြစ်ပြီး အပူချိန်မြင့်တက်မှုကြောင့် ဆီးနှင်းကျမှုလျော့နည်းလာသဖြင့် နှင်းလျှောစီးရန် အဲပ်စ် တောင်တန်းသို့လာရောက်လည်ပတ်သူ နည်းပါးသွားနိုင်ကြောင်းဖော်ပြထားသည်။အပန်းဖြေစခန်းများအနေဖြင့် နှင်းအတုများဖြင့် ဆွဲဆောင်သော်လည်း အစစ်လောက်ဧည့်သည်များအား မဆွဲဆောင်နိုင်ခြင်းကြောင့် အကြီးမားဆုံးသောဆုံးရှုံးမှုအန္တရာယ်နှင့်ရင်ဆိုင်ခဲ့ရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here