ကိုလံဘီယာတွင် ကိုကင်းထုတ်‌ သောကိုကာပင်စိုက်ပျိုးမှုမှာ ပြီးခဲ့သည့်နှစ်ကမကြုံစဘူးမြင့်တက်လာခဲ့ဟုယူအင်န် ဆို

0
198

ကိုလံဘီယာ၌ ကိုကင်းထုတ်လုပ်သော ကိုကာပင် စိုက်ပျိုးမှုသည် ပြီးခဲ့သည့်နှစ်တွင် ဆယ်စုနှစ် ၂ ခုအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂအေဂျင်စီတစ်ခုက နှစ်ပတ်လည် အစီရင်ခံစာတစ်ရပ်တွင်‌ ပြောကြားခဲ့သည်။

ကိုလံဘီယာတွင် ကိုကာပင် စိုက်ပျိုးသည့် ဧရိယာသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်း (ဧက ၅ သိန်း) ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (အန်နော့ခ်) က အောက်တိုဘာလ ၂၁ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ကိုကင်းထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်တွင် တန်ချိန် ၁၄၀၀ ဖြင့် စံချိန်တင်အဆင့်သို့ ရောက်ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ထက် ၁၄ ရာခိုင်နှုန်း တိုးလာကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

“ဒါဟာ ကျွန်တော်တို့ရဲ့ ၂၂ နှစ်ကြာ စောင့်ကြည့်ခဲ့တဲ့အချိန်မှာ အမြင့်ဆုံး ကိန်းဂဏန်းတွေ ဖြစ်ပါတယ်” ဟု အန်နော့ခ် အန်ဒီယန်း နှင့် တောင်ပိုင်းခုံး ဒေသဆိုင်ရာ ဒါရိုက်တာ ကန်ဒစ် ဝဲလ်ရှ် က သတင်းထောက်များအား ပြောကြားခဲ့သည်။

ကိုကာပင်အား တရား၀င် စိုက်ပျိုးပင်အဖြစ်သို့ အသွင်ကူးပြောင်းနေသော လူမှုအသိုက်အဝန်းများအတွက် လုံခြုံရေး မြှင့်တင်ပေးရန်နှင့် လူမှုရေးအသုံးစရိတ်များ တိုးမြှင့်ရန် ဘိုဂိုတာအစိုးရအား ဝဲလ်ရှ်က တိုက်တွန်းခဲ့သည်။

ကိုလံဘီယာသည် ကမ္ဘာ့အကြီးဆုံး ကိုကင်း ထုတ်လုပ်သူဖြစ်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး  အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ ထုတ်လုပ်မှုကို ဖြိုခွင်းရန် တောင်းဆိုသည့် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။

ကိုလံဘီယာ တရားရေးဝန်ကြီး နက်စ်တာ အိုဆူနာက မကြာသေးမီနှစ်များအတွင်း ကိုကာ ဧက ၁ ဒသမ ၀၉ သန်းခန့်ကို အမြစ်ပြတ်ဖျက်ဆီးခဲ့သော်လည်း အစီရင်ခံစာများအရ တိုးလာကြောင်း ကြာသပတေးနေ့ (မနေ့)က ပြောကြားခဲ့သည်။

အထွက်နှုန်းတိုးလာရခြင်းမှာ ကိုကာပင် မျိုးစိတ်များ ပိုမိုဖြစ်ထွန်းလာခြင်း၊ ပိုမိုကောင်းမွန်သော နည်းပညာအကူအညီနှင့် ကိုကာ အပင်ပုများ ပြန်လည်စိုက်ပျိုးခြင်းတို့ကြောင့် ဖြစ်ကြောင်း အန်နော့ခ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ကိုကာ စိုက်ပျိုးခြင်းဟာ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ဆက်လက်ခြိမ်းခြောက်နေပါတယ်” ဟု အေဂျင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here