ကော့ကရိတ်မြို့အတွင်းသို့ KKO ခွဲထွက်အဖွဲ့နှင့် PDF အဖွဲ့များက လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး လူနေရပ်ကွက်အတွင်းသို့ သေနတ်များဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ ထိခိုက်ဒဏ်ရာရသူများရှိဟု နစက ထုတ်ပြန်

0
366

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အတွင်းသို့ အောက်တိုဘာ ၂၁ ရက်(ယနေ့)နံနက်ပိုင်းက KKO ခွဲထွက်အဖွဲ့နှင့် PDF အဖွဲ့များပူးပေါင်း၍ လက် နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး လူနေရပ်ကွက်များ၊ဝန်ထမ်းအိမ်ရာများနှင့်ရုံးဌာနအဆောက်အဦများအတွင်းသို့ သေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က လက်နက်ကိုင်ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့မြောက်ဘက်မှ မြို့ အ တွင်းသို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် လူနေရပ်ကွက်များ၊ဝန်ထမ်းအိမ်ရာများနှင့်ရုံးဌာနအ ဆောက်အဦများအတွင်း သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ထို့သို့ လက်နက်ကြီး၊သေနတ်များဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူအချို့နှင့်နိုင်ငံ့ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း နစက ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အရပ်သားပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများ၏ အသက်အန္တရာယ်များအားကာကွယ်ရန် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

KKO ခွဲထွက်အဖွဲ့နှင့် PDF အဖွဲ့တို့သည် ကော့ကရိတ်မြို့ရဲတပ်ဖွဲ့မှူးရုံးနှင့်ရဲစခန်းများအား လာရောက်ပစ်ခတ်ခဲ့သော်လည်း ရည်မှန်းချက်မအောင်မြင်သဖြင့် ဆုတ်ခွာသွားခဲ့ကြပြီး ရဲစခန်းအချုပ်ခန်းမှာလည်း ပွင့်ထွက်သွားခြင်းမရှိကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

“ကော့ကရိတ်မြို့ဖြစ်စဥ်ဖြစ်တော့ မြဝတီမြို့မှာရှိတဲ့ အစိုးရရုံးစိုက်တဲ့နေရာတွေမှာ အဝင်အထွက်တွေပိတ်လိုက်တယ် လုံခြုံရေးကိုလည်း တင်းကြပ်လိုက်တယ် နောက်ပြီး မြဝတီမြို့ထဲမှာအ သွားအလာတွေ နည်းသွားတယ်”ဟု မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

KKO ခွဲထွက်အဖွဲ့နှင့် PDF အဖွဲ့တို့သည် စစ်ရေးနှင့်မသက်ဆိုင်သည့် လူနေရပ်ကွက်များအတွင်းနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေသူများအား ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်၍ ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာရောက်သည်ဟု နစက ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် စစ်ရာဇဝတ်မှုများအတွက် အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter-terrorism Action)များပြုလုပ်သွားမည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

နစက ၏ထုတ်ပြန်ချက်တွင် ကော့ကရိတ်မြို့ဖြစ်စဥ်၌ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ရေး သားထားသော်လည်း ဒေသခံများ၏ပြောကြားချက်အရ သေဆုံးသူများလည်းရှိခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here