ကော့ကရိတ်မြို့တွင်း၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြဝတီမြို့ရှိ အစိုးရရုံးရှိသည့်နေရာများ၌ အဝင်အထွက်ပိတ်ထား

0
382

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အတွင်း၌ အောက်တိုဘာ ၂၁ ရက်(ယနေ့)နံနက် ၇ နာရီကျော်ခန့်မှစတင်၍ နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့်ဒေသခံလက်နက်ကိုင်ပူးပေါင်းအဖွဲ့များကြား၌ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာ၌ လက်နက်ကြီးပစ်ခတ်မှုများနှင့်သေနတ်ပစ်ခတ်မှုများလည်းဖြစ်ပေါ်ခဲ့ကာ အရပ်သားပြည်သူများ သေဆုံး၊ထိခိုက်ဒဏ်ရာရရှိမှုများလည်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကော့ကရိတ်မြို့၌ တိုက်ပွဲဖြစ်ပွားချိန်တွင် မြဝတီမြို့ရှိ အစိုးရရုံးများရှိသည့်နေရာများရှိ လမ်းများအားပိတ်ထား၍ အဝင်အထွက်ပြုလုပ်ခွင့်မပေးတော့ဘဲ လုံခြုံရေးတင်းကြပ်ထားသည်ဟု မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

“အစိုးရရုံးနေရာတစ်ဝိုက်မှာ အဝင်အထွက်ပိတ်လိုက်တယ် လုံခြုံရေးတွေလည်း အရင်ကထက်ပိုများတယ် နောက်ပြီး အရင်ကထက် မြဝတီမြို့မှာ အသွားအလာတွေကျဲသွားတာပေါ့ လမ်းတွေပေါ်မှာလူရှင်းနေတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ပြင် မြဝတီမြို့ရှိ ကိုယ်ပိုင်ကျောင်းများမှလည်း ကျောင်းသား၊ကျောင်းသူများအား နေအိမ်များသို့ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ကိုယ်ပိုင်ကျောင်းတွေကတော့ ကလေးတွေကိုပုန်လွှတ်လိုက်တယ် အစိုးရကျောင်းတွေကတော့ ပြန်မလွှတ်ဘူး ကျောင်းခြံစည်းရိုးတံခါးတွေကိုသေ ချာပိတ်ထားတာတွေ့တယ် ကလေးတွေကိုစိတ်ချရတဲ့အနေအထားရှိမှပြန်ခိုင်းမယ်ကြားတယ် မိဘတွေကတော့တစ်ချို့ကျောင်းတွေရှေ့မှာစောင့်နေကြတယ်”ဟု လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

မြဝတီမြို့အဝင်အထွက်ကိုမူ မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမကြီးပေါ်၌ ဖြစ်ပွားခဲ့သည့် တိုက် ပွဲဖြစ်ပွားချိန်မှစတင်ပိတ်ထားခဲ့ကာ လက်ရှိအ ချိန်အထိ အာရှလမ်းမကြီး၌ ရပ်တန့်ထားရသည့် ကားများမှာပြန်လည်ထွက်ခွာရခြင်းမရှိသေးကြောင်း သိရသည်။

“အာရှလမ်းကတော့ပိတ်ထားဆဲပဲ ဘယ်အချိန်မှပြန်ဖွင့်မယ်ဆိုတာမသိဘူး ကျွန်တော်တို့အသင်းကကားတွေကိုတော့ တစ်ခုခုဖြစ်လာရင်ကူညီဖို့အတွက် အဆင်သင့်လုပ်ထားတယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here