တာမွေမြို့နယ်တွင် တရားမဝင်အသားသယ်ဆောင်ရောင်းချသူများအားဖမ်းဆီး

0
310

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊ဟင်္သာလမ်းတွင် အောက်တိုဘာ ၂၁ ရက်နံနက်အစောပိုင်းက တရားမဝင်အသားများသယ်ဆောင်ရောင်းချသူ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်(YCDC)မှ သိရသည်။

ယင်းနေ့နံနက် ၄ နာရီခွဲက YCDC ၏တိရစ္ဆာန်ဆေး ကုနှင့်ထုတ်လုပ်ရေးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ခရမ်းမြို့မှနယ်ကျော်အမဲသားသယ်ဆောင်လာကြောင်း သတင်းအရ တာမွေမြို့နယ်၊ဟင်္သာလမ်း၊အိမ်အမှတ်(၅)ရှေ့သို့ရောက်ရှိလာသည့် အဖြူရောင်အငှားကားအား စစ်ဆေးခဲ့ကြသည်။

အဆိုပါ အဌားကားပေါ်မှ ခရမ်းမြို့မှလိုင်စင်မဲ့ တရားမဝင်အမဲသားနှင့်အမဲကလီစာများတင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြသည်။

ထို့နောက် တရားမဝင်အသားများလာရောက်ပို့ ဆောင်သူ ဦးနာဂစ်နှင့်လက်ခံသူ ဒေါ်ငယ်တို့အားတာမွေဈေးတာဝန်ခံရုံးသို့  တာဝန်ရှိသူများကခေါ်ဆောင်ကာ နောင်ကျူးလွန်ခြင်းမပြုရန်ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခဲ့သည်။

ထို့ပြင် ဖမ်းဆီးရမိခဲ့သည့် အသား(၈၆ ဒသမ ၈၅) ပိဿာနှင့်ကလီစာ(၃၉)ပိဿာတို့ကိုလည်း ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။

YCDC ၏တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်)၊ ပုဒ်မ ၂၁၀၊၂၁၁ နှင့် ၂၂၆(င)တို့အရ ပြည်သူများစားသုံးမည့်သားငါးများအား မြို့တော်နယ်နိမိတ်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ တင်သွင်း၊သယ်ဆောင်၊ရောင်းချခြင်းများကို စစ် ဆေးခြင်း၊ဖမ်းဆီးအရေးယူခြင်း၊စီမံခန့်ခွဲခြင်းများဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here