မြန်မာနိုင်ငံအနေနဲ့ APG အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပြန်အလှန်အကဲဖြတ်ရေးလုပ်ငန်းဆောင်ရွက်တုံးက အကြံပြုချက် (၄၀) မှာ စံနှုန်းသတ်မှတ်ချက် အချက် (၂၀) ကျော်မကောင်းလို့ ဆိုပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှ FATF က မြန်မာကို တိုးတက်မှုများကို စောင့်ကြည့်မည့်နိုင်ငံနှင့် ဒေသများစာရင်းမှာ ထည့်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာ မြန်မာက (၂၄) ချက် စံနှုန်းသတ်မှတ်ချက် ကောင်းပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားခြင်း မခံခဲ့ရပါဘူး။
မြန်မာနိုင်ငံအနေနဲ့ ကိုဗစ် အခက်အခဲများအပြင် နည်းပညာအကူအညီများ လည်း မရရှိခဲ့ဘဲ ပြည်တွင်းမှာရှိတဲ့အင်အားစုက တတ်စွမ်းသမျှ သူတို့အကြံပြုချက်တွေကို လိုက်နာအကောင်အထည်ဖော်ရတဲ့အခက်အခဲ၊ တစ်ချို့အကြံပြုချက်တွေဟာ ကိုယ့်နိုင်ငံ အနေ အထားအရ အခြေခံအဆောက်အဦပိုင်းကို မရှိတဲ့အခက်အခဲမျိုးကြုံတွေ့ခဲ့ရတာရယ်၊ အကဲဖြတ်သူများရဲ့အမြင်နဲ့ အကဲဖြတ်ခံရတဲ့သူတွေရဲ့ အမြင် မတူညီတာ စတဲ့ အခက်အခဲများ ကြောင့် အခုလို ဖြစ်သွားတာဖြစ်ပါတယ်။
အခြေခံအဆောက်အဦမရှိတဲ့ အပိုင်းကို မြင်သာအောင်ပြောရရင် နိုင်ငံတကာစံအရရော ပြည်တွင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပြဌာန်းချက်အရရော “ရွှေရောင်းဝယ်သူတွေ၊ အိမ်ခြံမြေအကျိုးဆောင်တွေ” ဟာ သတင်းပို့အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ အနေနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပါပြဌာန်းချက်တွေကို လိုက်နာခြင်း ရှိ မရှိ ဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများနည်းတူ ကြီးကြပ်စစ်ဆေးခြင်းခံရပါတယ်။ မြန်မာ နိုင်ငံမှာက ဒီလုပ်ငန်းတွေလုပ်ဘို့ လိုင်စင်/မှတ်ပုံတင် တောင် လုပ်စရာမလိုဘဲ ဆောင်ရွက်လို့ ရတာဖြစ်တော့ ကြီးကြပ်ခြင်းဆိုတဲ့ အပိုင်းမှာ အခက်အခဲသွားဖြစ်ပါတယ်။ခုတော့ FATF လည်း အရင်ကမပေးခဲ့ဖူးတဲ့အကူညီတွေပေးမယ်လို့ သဘောတူလိုက်ပါပြီ။
မြန်မာနိုင်ငံအနေနဲ့တော့ ဒီလိုအလားတူစာရင်းမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လကနေ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အလားတူနေခဲ့ဘူးတဲ့အတွေ့အကြုံရှိလေတော့ ဒီတစ်ခေါက်မှာတော့ တစ်နှစ်ထက်ပိုမနေဘူးဆိုတဲ့ သန္နိဋ္ဌာန်ချမှတ်ထားတယ်လို့ ကြားသိရပါတယ်။
မျက်နှာစုံညီ အစည်းအဝေးမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ကိုယ်တိုင် တက်ရောက်ပြီး FATF အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေရှေ့မှာပိုမိုတိုးတက်လာဖို့ကတိ ပေးခဲ့တယ်လို့ ကြားသိရပါတယ်။
အထက်ပါဖြေကြားမူများအား ဗဟိုဘဏ်နှင့်နီးစပ်ပြီး ပဲရစ်တွင်ရှိနေသည့်သုံးသပ်သူတစ်ဦးကပြောကြားခဲ့ခြင်းဖြစ်သည်။