ဗြိတိန်ဝန်ကြီးချုပ်အသစ်နေရာအတွက် ဘောရစ်ဂျွန်ဆင်နှင့်ရီရှီဆူးနက်ခ်တို့တစ်ပြေးနေ

0
216

လန်ဒန်၊အောက်တိုဘာ ၂၁

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်နှင့်ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူးနက်ခ်တို့သည် ရာထူးမှအနားယူသွားသော ဗြိတိန်ဝန်ကြီးချုပ်လဇ်ထရပ်စ်၏နေရာတွင် အစားထိုးတာဝန်ထမ်းဆောင်နိုင်သူများအကြား ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ဖြစ်လာရန် ကိုယ်စားလှယ်များ၏ထောက်ခံအားပေးမှုနှင့် ရေပန်းစားတစ်ပြေးနေခဲ့ကြောင်း အောက်တိုဘာ ၂၁ ရက်သောကြာနေ့ကဖော်ပြထားသည်။

ဇူလိုင်လကလွှတ်တော်အမတ်များ၏ ကန့်ကွက်ဖြုတ်ချမှုကြောင့် ရာထူးမှဖယ်ပေးလိုက်ရသည့်ယခင်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏နေရာ၌အစားထိုးရန် ပါတီဝင်များ၏ရွေးချယ်မှုဖြင့်ဝန်ကြီးချုပ်အသစ်ဖြစ်လာသူ မစ္စလဇ်ထရပ်စ်သည် အာဏာရရှိပြီးသီတင်းပတ်ခြောက်ပတ်အကြာတွင် အရှုပ်အထွေးများကြားမှနုတ်ထွက်သွားခဲ့သည်။

သူ့နေရာတွင်အစားထိုးတာဝန်ထမ်းဆောင်လိုပြီး ပါတီ၏ကံကြမ္မာကိုပြန်လည်သတ်မှတ်ရန်မျှော်လင့်လျက် ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် တနင်္လာနေ့၌ ကွန်ဆာဗေးတစ်လွှတ်တော်အမတ်အယောက် ၁၀၀ ၏ထောက်ခံမှုကိုရရှိရမည်ဖြစ်သည်။အနိုင်ရရှိသူအား တနင်္လာ (သို့) လာမည့်သောကြာနေ့တွင် ကြော်ငြာမည်ဖြစ်သည်။

ထူးထူးခြားခြားအနေဖြင့် ပါတီဝင်များအကြားရေပန်းစားနေဆဲဖြစ်သော ဂျွန်ဆင်သည် အလားအလာရှိပြီး တစ်ကျော့ပြန်ဝင်ရောက်လာနိုင်သူတစ်ဦးအဖြစ် ဘဏ္ဍာရေးဝန်ကြီးဟောင်းရီရှီဆူးနက်ခ်နှင့်အတူ တစ်ပြေးနေသည်။သို့သော်ဂျွန်ဆင်သည် ၎င်း၏သုံးနှစ်ကြာဝန်ကြီးချုပ်ရာထူးကာလအတွင်း အရှုပ်တော်ပုံများနှင့်အကျင့်ပျက်ခြစားမှုစွပ်စွဲချက်များကြောင့်လည်း ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သဖြင့် ထောက်ခံမှု ၁၀၀ မရရှိနိုင်ကြောင်းဖော်ပြထားသည်။

ဥရောပသို့ ကိုဗစ်ကူးစက်ရောဂါရောက်ရှိလာချိန်မှ ဘဏ္ဍာရေးဝန်ကြီးဖြစ်လာသူ Goldman Sachs မှ ဆန်းစစ်ရေးပညာရှင်ဟောင်းဖြစ်ပြီး လဇ်ထရပ်စ်နှင့်ယှဉ်ပြိုင်ခဲ့သည့် ဆူးနက်ခ်သည်ဂျွန်ဆင်၏နောက်တွင် လူကြိုက်အများဆုံးသူတစ်ဦးဖြစ်လာခဲ့သည်။

၎င်းတို့နှစ်ဦးနောက်တွင် ကာကွယ်ရေးဝန်ကြီးဟောင်း ပယ်နီမိုဒန့်ထ်သည် ပါတီဝင်များအကြားရေပန်းစားနေပြီး တတိယနေရာတွင်ရပ်တည်နေသည်။သို့သော် အများခန့်မှန်းမှုသာရှိသေးပြီး ကာယကံရှင်များဘက်မှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် တရားဝင်ကြေငြာခြင်းမျိုးမရှိသေးပေ။

ကွန်ဆာဗေးတစ်ပါတီအမတ်များ၏ ထောက်ခံကြောင်းကြေငြာချက်အရေအတွက်များအား ရိုက်တာသတင်းဌာန၏စစ်တမ်းကောက်ချက်အရ ဆူးနက်ခ်အားထောက်ခံသူ ၅၄ ဦး၊ဂျွန်ဆင်ကိုထောက်ခံသူ ၂၉ ဦးနှင့် မိုဒန့်ထ်တွင်ထောက်ခံသူ ၁၆ ဦးအထိအသီးသီးရှိနေကြောင်းတွေ့ရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here