တိုက်ပွဲကြောင့် (၅)ရက်ကြာ ပိတ်နေသည့် မြဝတီ – ကော့ကရိတ် ဒေါနတောင် လမ်းသစ်ကို ယနေ့ညနေပိုင်းမှ စတင်ကာပြန်ဖွင့်ပေး

0
425

ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် (၅) ရက် ကြာအောင်ပိတ်ထားသည့် မြဝတီ – ကော့ကရိတ် ဒေါနတောင် အတက်အဆင်းလမ်းအား ယနေ့ အောက် တိုဘာ (၂၂) ရက် ညနေပိုင်းမှ စတင်ကာ ပြန်ဖွင့်ပေး လိုက်ပြီး ယာဉ်အတက်အဆင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၁၈) ရက် ညနေပိုင်းကတည်း က နှစ်ဖက်အဖွဲ့အစည်းများက အဆိုပါလမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်း ဖြစ်ပြီး ယာဉ်အစီရေ ရာနှင့်ချီ ပိတ်မိနေခြင်း ဖြစ်သည်။

” ဒီညနေပိုင်းပဲ တောင်ပေါ်လမ်းကို ပြန်ဖွင့်ပေးလိုက်ပြီ။ ကော့ကရိတ်ဘက်ကတော့ ထုံးစံအတိုင်း ညဘက်ပေးမဖြတ်ဘူးပေါ့။ တောင်ပေါ်လမ်းကိုတော့ (၂၄) နာရီ ပြန်ဖွင့်ပေးလိုက်ပြီ” ဟု သင်္ဃန်းညီနောင်မြို့သစ် လူမှုကူညီရေးအဖွဲ့မှ ကိုစိုးမိုးဌေးက ပြောသည်။

အောက်တိုဘာ (၁၈) ရက် ညနေပိုင်းတွင် ဒေါနတောင်လ မ်း တောနော် ရေတံခွန်အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အတွက်လမ်းအသုံးပြုခွင့်ကို ယာယီ တားမြစ်ထားခဲ့ခြင်းဖြစ်ပြီး ယနေ့ ညနေ (၅) ရက်မြောက်နေ့တွင် ပြန်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဒေါနတောင် လမ်းသစ်သည် အာရှလမ်းပိုင်း၏ အရေးပါသော ကုန်စည်စီးဆင်းရာ လမ်းကြောင်းပေါ်တွင် တည်ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်ကြား ထိတွေ့တိုက်ပွဲများကြောင့် မကြာခဏ လမ်းပိတ်သည့်အခြေအနေနှင့် ရင်ဆိုင်ရကြောင်း အဆိုပါ လမ်းပိုင်းအား ဖြတ်သန်းသွားလာနေသူ ယာဉ်မောင်း တစ်ဦးက ပြောသည်။

” ပြန်ပွင့်ပြီတော့ ပြောတယ်။ ဒီလမ်းကတော့ ထုံးစံလိုဖြစ်နေပြီလေ။ မကြာခဏ ပိတ်မိနေတာပဲ။ တိုက်ပွဲက ခဏခဏ ဖြစ်နေတာဆိုတော့လေ။ ခဏတဖြုတ်ပိတ်တာနဲ့ အခုလို ရက်ကြာကြာပိတ်မိတာပဲကွာတာ” ဟု အဆိုပါ ယာဉ် မောင်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယမန်နေ့ အောက်တိုဘာ (၂၁) ရက် နံနက်ပိုင်းကလည်း အာရှလမ်းပိုင်းဧရိယာအနီးရှိ ကော့ကရိတ်မြို့တွင်း၌  လက်နက်ကိုင် ပူးပေါင်းအဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများနှင့် အရပ်သား သေဆုံးမှုများလည်း ရှိခဲ့ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များထံက သိရသည်။

လက်ရှိတွင် ဒေါနတောင် လမ်းပိုင်း ပြန်လည်ပွင့်သွားပြီဆိုသော်လည်း ရာနှင့်ချီ ပိတ်မိနေသည့် ယာဥ်များ လမ်းရှင်းရန် အချိန်ကြာမြင့်ဦးမည်ဟု ခန့်မှန်းမှုများလည်း ရှိသည်။

” လမ်းတော့ ပွင့်ပြီပြောတယ်။ ဒါပေမယ့် ယာဉ်က အစီးရေရာနဲ့ချီပြီး ပိတ်မိနေတာ။ ညဘက်က ဖြတ်မရဘူးဆိုတော့ ကြာတော့ ကြာဦးမယ်။ မနက်ဖြန်အထိတော့ လမ်းက ကြပ်နေဦးမယ်လို့ ထင်တယ်” ဟု အဆိုပါ ယာဉ်ကြော ပိတ်ဆို့မှုအတွင်း ရောက်နေသည့် ရန်ကုန် – မြဝတီ ခရီး သည်တင်ယာဉ် မောင်းနှင်သူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအရှိန်ဖြင့် မြဝတီမြို့နှင့် ကော့ကရိတ်မြို့အနီးတဝိုက်တွင် တပ်မတော်နှင့်BGF တပ်ဖွဲ့များက လုံခြုံရေးအင်အား အများအပြားဖြင့် လုံခြုံရေး ယူထားပြီး မြဝတီမြို့ပေါ်တွင်လည်း လုံခြုံရေးယူထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here