ယခင်ကာလများကရှိခဲ့သည့် ပြည်ပကြွေးမြီများကို တတ်နိုင်သမျှပြန်လည်ပေးဆပ်လျက်ရှိဟု နစက ဥက္ကဋ္ဌပြော

0
204

နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အောက်တိုဘာ ၂၂ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ အငယ်စား၊အသေးစားနှင့်အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များအား တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ရချိန်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့်နိုင်ငံရေးသဘောထား မတိုက်ဆိုင်မှုများကြောင့် နိုင်ငံရေးဆူပူမှုများဖြစ်ပေါ်ခဲ့ကာ အထူးသဖြင့် ကိုဗစ် (၁၉) ရောဂါကြောင့် နိုင်ငံ၏စီးပွားရေးကျဆင်းမှုများရှိခဲ့သည်ဟု ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းမှုမှာ အချက်အလက်များအရ ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှစ၍ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ကျဆင်းခဲ့ခြင်းမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့်ပြည်တွင်းကုန်ထုတ်လုပ်ခြင်းများကို အားပေးခြင်းများမရှိခဲ့ဘဲ ပြည်ပမှတင်သွင်းမှုများ များပြားခဲ့သဖြင့် နိုင်ငံ ၏ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့သည်ကို မှတ်တမ်းများအရသိရှိရသည်ဟု ပြောသည်။

“ပထမဒီမိုကရေစီအစိုးရသက်တမ်းနဲ့ ဒုတိယဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုမှာ အမေရိကန်ဒေါ် လာ ၂၄ ဘီလီယံကျော်လောက် ကုန်သွယ်မှုလိုငွေပြခဲ့ပါတယ် အဲဒီလိုငွေကို ပြည်ပချေးငွေတွေ ထောက်ပံ့ငွေတွေ တခြားရငွေတွေနဲ့ဖြေရှင်းခဲ့တာကိုတွေ့ရပါတယ်။ကုန်သွယ်မှုလိုငွေတွေ နည်းပါးအောင်ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံရဲ့စီးပွား ရေးတိုးတက်ကောင်းမွန်လာမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မြန်မာကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် ကုန် သွယ်မှုအပြင် ရင်းနှီးမြှုပ်နှံမှုများကိုပါ ဆောင် ရွက်ရကာ ဖွံ့ဖြိုးရေးနှင့်ဆိုင်သည့် ချေးငွေများသာမက ပြည်ပချေးငွေများအားလုံးကို နိုင်ငံ တော်မှပြန်လည်ပေးဆပ်​နေသည်။

“ကျွန်တော်တို့အနေနဲ့ ယခင်ကာလတွေကရှိခဲ့တဲ့ ပြည်ပကြွေးမြီတွေကို တတ်နိုင်သမျှပြန်လည်ပေးဆပ်လျက်ရှိပါတယ် အဲဒီလို ပြည်ပချေးငွေတွေယူပြီး နိုင်ငံစီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်မှုမရှိတာကြောင့် တချို့နိုင်ငံတွေမှာ စီးပွားရေးကျဆင်းမှုတွေဖြစ်နေပါတယ်”ဟု နစက ဥက္ကဋ္ဌက​ထောက်ပြသည်။

မိမိတို့တာဝန်ယူဆောင်ရွက်နေချိန်အတွင်း ပြည်ပကြွေးမြီများနည်းပါးအောင်ဆောင် ရွက်လျက်ရှိကာ နိုင်ငံအတွင်းရှိ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများနှင့်မြေပေါ်မြေအောက်သယံဇာ တပစ္စည်းများအား ထုတ်ကုန်များအဖြစ် ထုတ် လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိမည်ဟု ဆိုသည်။

ထိုသို့ မြေပေါ်မြေအောက်သယံဇာတများအား ထုတ်ယူရောင်းချရာတွင် အချို့နေရာများ၌ တရားမဝင်ရောင်းဝယ်မှုများကြောင့် နိုင်ငံတော်အတွက် များစွာထိခိုက်နစ်နာစေကာ သဘာဝပစ္စည်းများ ထုတ်ယူရောင်းချမှုမှာ နောင်တစ်ချိန်တွင် အခက်အခဲများဖြစ်ပေါ်စေနိုင်သည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here