ယူကရိန်း၌ အီရန်ထုတ်ဒရုန်းအသုံးပြုသည်ဟူသောစွပ်စွဲချက်အတွက် ကုလစုံစမ်းရေးတောင်းဆိုမှုအား အီရန်ကဝေဖန်

0
205

ယူကရိန်းနိုင်ငံအားတိုက်ခိုက်ရန် ရုရှားကအီရန်ထုတ်ဒရုန်းများအားအသုံးပြုခဲ့သည်ဟူသောစွပ်စွဲချက်ကြောင့် ပြင်သစ်၊ဂျာမနီနှင့်ဗြိတိန်တို့၏ ကုလစုံစမ်းရေးတောင်းဆိုမှုအပေါ် ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ Nasser Kanaani ကမူ E – 3 ဟုခေါ်သောနိုင်ငံများ၏ စွပ်စွဲချက်သည်မှားယွင်းပြီး အခြေအမြစ်မရှိသည့်အပြင် ၎င်းစွပ်စွဲချက်အား ပြင်းထန်စွာပယ်ချပြီးရှုံ့ချကြောင်းလည်း စနေနေ့ကပြောကြားခဲ့သည်။

ရုရှားသည်အီရန်လုပ် Shahed – 136 တိုက်ခိုက်ရေးဒရုန်းများကိုအသုံးပြုခဲ့ကာ အဆိုပါဒရုန်းများသည် ပစ်မှတ်သို့တိတိကျကျချိန်ရွယ်ပျံသန်းသွားပြီး ပေါက်ကွဲစေတတ်ကြောင်းလည်း ယူကရိန်းကပြောကြားခဲ့သည်။

“အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအစိုးရသည် ၎င်း၏အမျိုးသားအကျိုးစီးပွားကိုကာကွယ်ရန်နှင့် မွန်မြတ်သောအီရန်ပြည်သူများ၏ အခွင့်အရေးများရရှိရန်ကြိုးပမ်းရာတွင် တာဝန်မဲ့သောလုပ်ရပ်မှန်သမျှကို တုံ့ပြန်ပိုင်ခွင့်ရှိသည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက မစ္စတာ Kanani ၏ပြောကြားချက်အား ကိုးကား၍ ၎င်း၏ဝဘ်ဆိုက်တွင်ဖော်ပြခဲ့သည်။

“အစိုးရအနေဖြင့် အီရန်ပြည်သူများ၏အကျိုးစီးပွားကိုကာကွယ်ရန် တွန့်ဆုတ်နေမှာမဟုတ်ပါဘူး” ဟု ၎င်းကပြောကြားခဲ့ပြီး အသေးစိတ်ကိုတော့ပြောကြားခြင်းမရှိခဲ့ပေ။

ဥရောပသုံးနိုင်ငံမှ ၎င်းတို့၏ကုလအထူးသံတမန်များ လက်မှတ်ရေးထိုးထားသောစာ၌ အဆိုပါနိုင်ငံများသည် အီရန်အားကုလမှစုံစမ်းမှုပြုရန် တနင်္လာနေ့က ယူကရိန်း၏ တောင်းဆိုချက်အားထောက်ခံခဲ့ကြကြောင်းသိရှိရပြီး ယခုကဲ့သို့ဒရုန်းအသုံးပြုမှုသည် ၂၀၁၅ ခုနှစ်က အီရန်နျူကလီးယားသဘောတူညီချက်မှ ကုလလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်အမှတ် ၂၂၃၁ အားချိုးဖောက်နေခြင်းဖြစ်သည်ဟုဆိုကြသည်။

စနေနေ့ကပြောကြားခဲ့သော အီရန်သမ္မတ၏မိန့်ခွန်း၌ အီရန်သည်ယခုအခါလက်နက်ရောင်းချမှုအတွက် လူကြိုက်များသောနေရာသို့ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ယူကရိန်းစစ်ပွဲအတွက် မော်စကိုအားဒရုန်းထောက်ပံ့သည်ဆိုသောအချက်ကိုမူ ငြင်းဆိုခဲ့သည်။

Source : Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here