ကလောမြို့နယ်တွင် ဆီဘောက်ဆာကား အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်၍ ကားမောင်းသူနှင့်ယာဥ်နောက်လိုက်တို့ဒဏ်ရာရ

0
196

ရှမ်းပြည်နယ်၊ကလောမြို့နယ်၊မိတ္ထီလာ-တောင်ကြီးသွားကားလမ်းတွင် အောက်တိုဘာ ၂၃ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ကလောမြို့ နယ်၊မိတ္ထီလာ-တောင်ကြီးသွားကားလမ်း၏ မိုင်တိုင်အမှတ်(၉၆/၄)နှင့်(၉၆/၅)ကြားတွင် SCANIA (အဖြူရောင်)ဆီဘောက်ဆာကားသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဥ်အား မီးလောင်မှုမဖြစ်စေရန် ကလောမြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ကား ၁ စီးနှင့်လူမှုကူညီရေးအသင်းဝင်များက တိမ်းမှောက်နေသည့် ဆီဘောက်ဆာကားအား ရေမှုန်ရေမွှားစနစ်ဖြင့် အအေးပေးခြင်းလုပ်ငန်းများပြုလုပ်ပေးခဲ့ကြသည်။

“သတင်းကြားတာနဲ့ချက်ခြင်းသွားကူညီပေးခဲ့တယ် မီးလောင်မှုမဖြစ်အောင်ရယ် အကြောင်းတစ်စုံတစ်ရာကြောင့် မီးလောင်ရင်လည်း ဘေးပတ်ဝန်းကျင်မထိခိုက်အောင် မီးသတ်တပ်ဖွဲ့ဝင်တွေကို ဝိုင်းပြီးကူညီပေးခဲ့ပါတယ်”ဟု ကလောမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ဆီဘောက်ဆာကားမောင်းသူနှင့်ယာဥ်နောက်လိုက်တို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဟဲဟိုးယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဟဲဟိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here