တရုတ်နိုင်ငံ၏အင်အားကြီးထွားလာချိန်တွင် ဂျပန်နှင့်ဩစတြေးလျတို့က ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ကတိပြု

0
97

ပါ့သ်၊အောက်တိုဘာ ၂၂

ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါနှင့် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး အန်တိုနီအယ်လ်ဘနီးဇ်တို့သည် အာရှ – ပစိဖိတ်ဒေသ၌ တရုတ်နိုင်ငံ၏အင်အားအခိုင်အမာကြီးထွားလာနေချိန်တွင် နှစ်နိုင်ငံအကြားလက်တွေ့ကျသော ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်စနေနေ့က ကတိပြုခဲ့သည်။

ပါ့သ်မြို့၌တွေ့ဆုံဆွေးနွေးပြီးနောက် ကီရှီဒါနှင့်အယ်လ်ဘနီးဇ်တို့သည် အမေရိကန်နှင့်သုံးနိုင်ငံလုံခြုံရေးဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန်နှင့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည့်နိုင်ငံများအား အရေးယူရန်ဟူသောအချက်များပါဝင်သည့် ပူးတွဲကြေငြာချက်တစ်ခုတွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

၎င်းတို့၏သဘောတူညီချက်သည် တရုတ်သမ္မတရှီ၏ သုံးကြိမ်မြောက်အာဏာရရှိမှုအပြီး၌ ထိုင်ဝမ်ကိုတရုတ်ကစစ်ရေးအရရန်စမှုများ ကို အရှိန်မြှင့်လာမည့်အ‌ေရးအတွက်စိုးရိမ်နေကြချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။သောကြာနေ့က ဩစတြေးလျသို့သုံးရက်ကြာ သွားရောက်ခဲ့သောကီရှီဒါနှင့်ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့သည် ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးထောက်ခံအားပေးခဲ့သည့် “လွတ်လပ်ပွင့်လင်းသော အင်ဒို – ပစိဖိတ်ဒေသ” ၏ အရေးပါမှုကိုလည်း အတည်ပြုခဲ့သည်။

ရှီ၏ပြန်လည်ရွေးကောက်ခံရမှုကြောင့် ပေကျင်း၏သံတမန်ရေးမူဝါဒ မည်သို့ပြောင်းလဲလာမည်ကို စောင့်ကြည့်ရန်စိတ်အားထက်သန်နေသည့်အတွက် ၎င်းတို့နှစ်ဦးသည်ကြေငြာချက်တွင် တရုတ်အမည်ကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

သို့သော်သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ကီရှီဒါနှင့် အယ်လ်ဘနီးဇ်တို့သည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၏ အရေးကြီးပုံကိုထပ်မံအတည်ပြုခဲ့ကြပြီး ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ဆက်ဆံရေး၏ လွတ်လပ်သောကုန်သွယ်မှုစာချုပ်တွင် တရုတ်နိုင်ငံ၏ဝင်ရောက်မှုနှင့်ပတ်သက်၍လည်း သတိပေးဖော်ပြခဲ့သည်။

“စီးပွားရေးအရအကျပ်ကိုင်မှုနှင့် တရားမျှတမှုမရှိသောကန့်သတ်ချုပ်ချယ်မှုများသည် သဘောတူညီချက်၏ ရည်မှန်းချက်များ၊မြင့်မားသောစံနှုန်းများနှင့်ဆန့်ကျင်ဘက်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၀၇ ခုနှစ်ကလည်း မစ္စတာအာဘေးနှင့်ဩစတြေးလျဝန်ကြီးချုပ် ဂျွန်ဟောင်းဝါ့ဒ်တို့သည် အမေရိကန်ပြည်ထောင်စုနှင့် ၎င်းတို့၏သက်ဆိုင်ရာမဟာမိတ်ဆက်ဆံရေးများတွင် ထည့်သွင်းထားသောဘုံမဟာဗျူဟာအကျိုးစီးပွားနှင့် လုံခြုံရေးအကျိုးအမြတ်များကို အသိအမှတ်ပြုသည့်သဘောတူညီချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

ကီရှီဒါနှင့်အယ်လ်ဘနီးဇ်တို့သည် ဩစတြေးလျ၏အရင်းအမြစ်များ ဂျပန်နိုင်ငံသို့ထောက်ပံ့ရေးတွင် တည်ငြိမ်မှုရှိရန်လိုအပ်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့သည်။

ဖေဖော်ဝါရီတွင်ရုရှားကယူကရိန်းသို့ကျူးကျော်ပြီးနောက် ပစ္စည်းဈေးနှုန်းများတဟုန်ထိုးတက်နေသည့်အချိန်တွင် ဩစတြေးလျသည် “ ဂျပန်၏စွမ်းအင်ဖူလုံရေးအတွက် ပံ့ပိုးရာတွင်အထူးအခန်းကဏ္ဍမှပါဝင်ခဲ့သည်” ဟု အယ်လ်ဘနီးဇ်ကပြောကြားခဲ့သည်။

ဂျပန်နှင့်ဩစတြေးလျတို့သည် စွမ်းအင်ဖူလုံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်မည်ဖြစ်ပြီး မစ္စတာအယ်လ်ဘနီးဇ်၏ စကားအားသဘောတူကြောင်း မစ္စတာကီရှီဒါကပြောကြားခဲ့သည်။ဂျပန်သည် ဩစတြေးလျမှ သဘာဝဓာတ်ငွေ့၊သံရိုင်းနှင့်အခြားအရေးကြီးသော အရင်းအမြစ်များကိုတင်သွင်းသည့် အဓိကမိတ်ဖက်လည်းဖြစ်လာခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here